Monday, April 30, 2012

ဆရာတော် ဘဒ္ဒ န္တ စန္ဒြမဏိ ၏ အတ္ထုပ္ပုတ္တိအကျဉ်း

သာ့သနာ့အာဇာနီလောင်းလျာ သူငယ်ကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်နှင့် မယ်တော် ဒေါ်မိဝင်ယေ ရို့မှ
၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနိန့်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခသည်။
မွီးချင်းသုံးဦးအနက် ဆရာတော်သည် အကြီးဆုံး သားကြီးသြရသဖြစ်သည်။ အသက်(၁၂)နှစ် အရွယ်တွင် ဘာကြီးတော်စပ်သူ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စန္ဒိယာရာမကျောင်း၊စစ်တွေ) ထံပါးတွင် သျှင်သာမဏေဘဝဖြင့် ပိဋကတ်စာပီများကို သင်ယူခသည်။ ထိုနောက် မော်လမြိုင်မြို့ ကဒိုးကောဝှပ်ကျောင်း၊ မန္တလေးမြတောင်တိုက်၊ ပတ္တမြားတိုက်၊ ခင်မကန်တိုက်နှင့်၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆရတော်ဘုရားများထံတွင် ပိဋကတ်ကျမ်းကန်များကို နှံ့နှံ့စပ်စပ် သင်ယူလေ့လာခသည်။

သီရိလင်္ကာနိုင်ငံသား အသျှင်အနာဂါရိယဓမ္မပါလ၏ ပင့်ဖိတ်ချက်အရ သျှင်သာမဏေဘဝဖြင့်ပင် ၁၈၉၀ ခုနှစ်၊ နိုဝင်ဘာလ (တန်ဆောင်မုန်းလ)တွင် အစိုးရအရာဟိ ဦးသာဒိုးဝေနှင့် ပြည်တွင်းအခွန်အရာဟိတဦး လိုက်ပါပို့ဆောင်၍ အိန္ဒယနိုင်ငံသို့ ရောက်ဟိလာခသည်။ ထိုနောက် ရည်မှန်းချက်ကြီးမားစွာဖြင့် ဟန္ဒီ၊ သက္ကစသော ဘာသန္တရစာပီများကို အားကြိုးမာန်တက် လေ့လာသင်ယူခပြီး ၁၂၆၉ ခုနှစ်၊ တပို့လဆန်း (၉)ရက်နိန့်တွင် ကုန်သည်ကြီး ဦးရွှေစားဦး ဒေါ်မိချမ်းရို့၏ ပစ္စယာနုဂ္ဂဟရို့ဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ပန်းဝါမြို့တွင် ရဟန်းအဖြစ်သို့ ရောက်ဟိတော်မူခသည်။

ဆရာတော်ဘုရား၏ တသက်တာ အံ့ချီးဖွယ်ရာ သာသနာပြု (ပရဟိတလုပ်ငန်း)များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

٭ ဗုဒ္ဓဘာသာ လုံလုံးလျားလျား ကွယ်ပျောက်နီခသော မိဇ္ဈိမဒေသ အိန္ဒိနိုင်ငံ၌ အခက်ခဲ့ပေါင်းများစွာကို ရင်ဆိုင်လျက် ဘ၀တစ်ခုလုံးကို နစ်မြုပ်ကာ သာသနာပြုတော်မူခသည်။

٭ ရတနာဂီရိတွင် သီပေါမင်းကြီးနှင့် အိန္ဒိနိုင်ငံ၌ သာသနာရေးကိစ္စများကို အကြိမ်ကြိမ် ဆွေးနွေးတော်မူခသည်။

٭ သံဝေဇနိယဌာနများတွင် အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာဘုန်းတော်
ကြီးကျောင်းများကိုတည်ဆောက်တော်မူခသည်။

٭ ကုသိနာရုံတွင် ဒေသခံများအတွက် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ဗုဒ္ဓဒီဂရီ ကောလိပ်ရို့ကို ဖွင့်ပီးခပြီး အခမဲ့ ဆီးပီးခန်းများကိုလည်း ဖွင့်ပီးခသည်။

٭ ဓမ္မပဒ၊ မဟာသတိပဌာနသုတ်၊ အနတ္တလက္ခဏာသုတ်နှင့် သိဂိ င်္တိသုတ်ရို့ကို ဟိန္ဒီဘာသာသို့လည်းကောင်း၊ ”သောရောဒယ”နှင့်”အဉ္ဇနနိဒါန်း အမည်ဟိ စာအုပ်
ရို့ကို သက္ကတဘာသာမှ မြန်မာဘာသာသို့လည်းလောင်း၊ ဒေသခံများ သာသနာပြုရာ
တွင် လွယ်ကူချောမွိ့စီရန် အခြားစာ အုပ်များကို ဟိန္ဒီဘာသာသို့လည်းကောင်း ပြန်
ဆိုရွီးသားတော်မူခသည်။

٭ ဘိက္ခုသစ္စ၀ံသ၊ စာပီပညာသျှင်ဒေါက်တာရာဟုလာသံကိစ္စည်း၊ ဒေါက်တာ ဗုဒ္ဓရက္ခိတ၊ ဘိက္ခုကဿပ(ယ္ခုနာလန္ဒာတက္ကသိုလ်၏ဖေါင်ဒါ)၊ ဘိက္ခုအာနန္ဒာကောသလ္လ၊
ဘိက္ခု အဉ္ဇုတာနန္ဒနှင့် ဘိက္ခုပညာဝံသစသော အိန္ဒိယနိုင်ငံသား ပညာတတ်တပည့်
ရဟန်းတော်များ မွီးထုပ်ပီးခပါသည်။

٭ မြန်မာနိုင်ငံတွင်ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ အိန္ဒိယရဟန်းတော် များ၏ကိုယ်စား ကြွရောက်တော်မူခပြီး၊ ၁၉၅၅-ခုနှစ်တွင် ခတ္တမန္ဒူမြို့၌ နီပေါ ဘုရင်မင်းမြတ် ဦးဆောင် ကျင်းပခသော ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးသို့လည်းတက်ရောက်တော်မူခသည်။

٭ ၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ ၁၄-ရက်နိ့တွင် အိန္ဒိယနိုင်ငံ ဗဟိုတရား ရေးရာဝန်ကြီး ဒေါက်တာ အမ္ဗေဒကာ အပါအ၀င် အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ၆- သိန်းကျော်ရို့အား အိန္ဒိယနိုင်ငံ နာဂပူမြို့၌ဗုဒ္ဓဘာသာအဖြစ်သို့ သွင်းပီးတော်မူခရေအတွက် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ ကမ္ဘာသူ ကမ္ဘာသားများ၏ အံ့ချီးထောပနာပြုမှုများကို အကြီးအကျယ်ရဟိ တော်မူခသည်။

ဤမျှကြီးကျယ်သော သာသနာပြုလုပ်ငန်းများ ပရဟိတလုပ်ငန်းများကို ဆောင်ရွက်တော်မူခသော ကမ္ဘာ့သာသနာပြုဆရာတော် ဘဒ္ဒန္တစန္ဒြမဏိ မဟာထေရ်မြတ်သည် ၁၉၇၂ ခုနှစ်၊ မေလ (ဂ)ရက်နိ့တွင် အိန္ဒိယနိုင်ငံ ယူပီပြည်နယ် ကုသိနာရုံမြန်မာ ကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခပါသည်။ ဆရာတော်ဘုရားပျံလွန်တော် မူခြင်းကြောင့် နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ၊ ကြီးနန်းစာဖြင့် (၅၆၉)စောင်နှင့်၊ လက်ရေးမူဖြင့် (၇၀၉)စောင်ရို့ကို ပို့ပီးခကတ်ပါသည်။

ထို (၁၂၇၈)စောင်သော ၀မ်းနည်းမှုသ၀ဏ်လွှာများရောက်ဟိလာခြင်းက ဆရာ
တော်ဘုရားကြီးအား ကမ္ဘာကမည်ရွှေ့မည်မျှလေးစားကြည်ညိုကြသည်၊ မည်ရွှေ့မည်မျှ
တန်ဖိုးထားကြသည်ကို သက်သီသာဓက မီးမောင်းထိုးပြခြင်းပင်ဖြစ်ပါသည်။
-----------------------------------------------------------
ဝန်ခံချက် ။ ။ ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (CSWA) မှရွီးသားတင်ပြချက်ကို ပြန်ကူးပနာ ရခိုင်ပိုင်တတ်နိုင်သလောက်ပြန်ဆိုထားပါသည်။

စာပီသတ္တိ ငါ့ရို့သိဖို့၊ စာပီအသိ ငါရို့ရှိဖို့

ရခိုင့်စာပီဆိုစွာ
အတိတ်က ဖြစ်ပျက်ခရေ အရာတိကို အကျဉ်းကျမခံပဲ အနာဂါတ်မှာ ဆက်လက်သန်းဖို့ ရခိုင်လူမျိုးတိတွက် အားသစ်ဆင်ထားရေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
ပပျောက်ဆုံးနိန်ရေ စာပီ၏တန်ဖို့ကို ကိုယ့်ပကတိ စာပီ၏ရုပ်သွင်ဖြစ်ဖို့တွက် ဝတီလေးရပ် ရခိုင်မြတ်ရို့ စည်းရုံညီညွန့်မှုနန့် ဟိဆက်ဂါတ်ဖို့စွာကို မျှော်လင်းတောင်းတနိန်ရေ အကောင်ရာဖြစ်တေ။
.ရခိုင့်စာပီစွာ
ရခိုင်လူမျိုးတိ ဇာချိန် ဇာခါ ဇာနိန်ရမှာမဆို ရခိုင့်လူမျိုး၏ ယိုင်ကျေးမှုနန့် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားလာမှုကို ဦးဆောင်နိန်ရေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
ရခိုင်လူမျိုး၏ အတက်အကျ နိန့်ကျမှု မြင့်မားမှု လောကဓမ္မသဘာဝ တရားတိုင်း ကြမ်းတမ်းမှု၏ ရိုက်ချက်သံချေတိကို စိုင်လာဆက်ဆက် အပြုံမပျက် လက်ခံတတ်တေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
လူတစ်ဦးတစ်ယောက်ကို တုန့်ပြန်မှု ပီစပ်မှုကို မမျှော်လင်းဘဲ ရက်ရောစွာ ပီးကမ်းတတ်သူအနိန်နန့် အချုပ်အရှည်ဟူသမျှကိုလည်း အမြဲတမ်း တော်လှန်တတ်တေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
အဟောင်းအသစ်တိကြား သံသရာစက်ရဟတ်၏ ကြမ်းတမ်းမှုဒါဏ်ကိုလည်း ရခိုင်လူမျိုးတိနန့်အတူ မရပ်မနား စာပီ၏ဇွဲနန့် စိုးရိမ်ကင်းစွာ ခရီဆက်တတ်တေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
လီဟုန်စီးပြီးကေ ကောင်ကင်အာကာထက်မှာ ငှက်ချေတိပိုင် ပျံသန်းနိုင်ရေ အကောင်မဟုတ်
ရခိုင်လူမျိုးရို့၏ အမြတ်ဆုံးရတာနာအဖြစ် မြတ်နိုးလေးမှုကို ခံနိန်ရေအကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
ရခိုင်လူမျိုး၏ ယိုင်ကျေးမှု ဓလေ့ထုံးတန်းအစိုင်အလာတိကို မြင့်တင်ဖို့ ဥာဏ်ပညာအမြင်တိ ရခိုင်တစ်မျိုးသားလုံး ရင်ခွင်မှာ ဟှင်သန်လာဖို့ စီးပွာားရေးနန့် လူ့အဆင့်တန်း မြင့်မားလာမှုတာဝန်ကို ထမ်းဆောင်နိန်ရေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
မှောင်မှိုက်နိန်ရေ အရာတိမှာ အလင်းရောင်ရောက်အောင် အောင်မြင်နိုင်သူဖြစ် သူတစ်ယောက်တည်း အံတုန့်နိုင်ရေကောင်မျိုးမဟုတ် မှောင်မိုက်ကျနိန်ရေ နိန်ရာတိမှာ အလင်းချေတိ ဟှင်သန်ဖို့တွက် ရခိုင်လူမျိုးဘက်က ရပ်တည်ပီနိန်ရေ အကောင်ရာဖြစ်တေ။
သို့အတွက်ကြောင်း ရခိုင့်စာပီစွာ ရခိုင်လူမျိုးရို့၏ ခံစားချက်ကို ရာခိုင်နူန်းအပြည့် ပေါ်ပြပီးနိုင်ရေ အကောင်ဖြစ်လို့ ရခိုင့်ဘာသာစကားကို အသက်သွီးနန့် ရင်းပြီးကေ လေးစားမြတ်နိုးသင့်လို့ ရခိုင့်စာပီဆိုစွာရေ ရခိုင်လူမျိုး၏ ထာဝရပဲ့ကိုင် အရှင်သခင်ရာဖြစ်တေ။
မျိုးချစ်သူရဲကောင်းကြီးတယောက်အကြာင်း

ရခိုင်ပြည်တပ်မတော်
စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ်
ဖေဖေါ်ဝါရီ လ ၁၁ ရက်နိ့က လုပ်ကြံသတ်ဖြတ်လိုက်တေအတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁
ရက်နိ့ဆိုကေ ဗိုလ်ရာဇာ ကျဆုံးလားစွာ နှစ်ပေါင်း ၁၂ နှစ်ပြည့်မြောက်ရေနိ့
ဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ တိုင်းပြည်နန့် လူမျိုး လွတ် မြောက်ရေးအတွက်
ကိုယ်ကျိုးစွန့် ကြိုးပမ်းလုပ်ဆောင်နိန်ချိန်မှာ အဂုပိုင် အိန္ဒိယစစ်တပ်၏ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရစွာဖြစ်ပါရေ။ ယင်းပိုင် ခေါင်းဆောင်တဦး
ကျဆုံးလားရခြင်းက ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားရေ ဆုံးယှုံးးမှုကြီးတစ်ရပ်ဖြစ်ရေပိုင် ရခိုင်တမျိုးသားလုံးအတွက် အစားထိုးမရနိုင်ရေ
ဆုံးယှုံးမှုကြီးတရပ် လည်း ဖြစ်ပါရေ။ ယင်းကြောင့် ဗိုလ်ရာဇာစွာ ဇာပိုင်ဂေါင်းဆောင်မျိုးလဲ။ သူ၏စိတ်နီသဘောထားတိက ဇာပိုင်ဟိရေလဲဆိုစွာကို သိဟိနိုင်အောင် ဗိုလ်ရာဇာနန့် ညီအစ်ကိုတော်စပ်သူ တော်လှန်ရေး
လုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်ရေ ကိုလင်းခိုင်ကို ကိုမောင်အေးက တွိ့ဆုံပြီး အဂုပိုင် မိန်းမြန်းထားပါရေ။

မိန်း။ ကိုလင်းခိုင်အနီနန့် ဗိုလ်ရာဇာ၏
ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပီးပါလား။

ဖြေ။ ဗိုလ်ရာဇာစွာ မင်းပြားမြို့နယ်
ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါရေ။ သူ၏ဖခင်က ဦးသာမြအောင်၊ မိခင်က
ဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါရေ။ သားသမီး ၇ ယောက်အနက်
တတိယမြောက် သားဖြစ်ပါရေ။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါရေ။ သူ့ကို အသက် ၁၃
နှစ်မှာ သျှင်ပြုပြီး စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်နန့် စစ်တွေမြို့က
ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပီတိကို သင်ကြားခပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ တော်လှန်ရေးနန့် ဇာပိုင်ဆက်စပ်ခပါသလဲ။ ဇာပါတီနန့်ဆက်စပ်ပြီး သူ တော် လှန်ရေး စလုပ်ခစွာပါလဲ။

ဖြေ။ ယင်းပိုင် စစ်တွေမှာ စာသင်နေတုန်း အသက် ၁၆

နှစ်အရွယ်ကတည်းက သူက နိုင်ငံရေး၊ တော်လှန်ရေး အသိုင်းအ၀ိုင်းတနန့် ထိတွိ့ ဆက်ဆံခပါရေ။ အထူးသဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ
ALP
နန့် ဆက်စပ်ပြီး လျှို့ဝှက်ယူဂျီလုပ်ခပါရေ။ ရန်ကုန်နန့် စစ်တွေကို
အလားအလာလုပ်ပြီးကေ လျှို့ဝှက်ယူဂျီ လုပ်နိန်ရေအချိန်မှာ အသက် ၂၀
ပြည့်ရေအခါ
သူရို့ရွာမှာ မိဘတိက ရဟန်းခံပီးပါရေ။ နောက်ပိုင်းမှာ ရန်ကုန်ကို
ပြန်လားပြီး
လျှို့ဝှက်ယူဂျီအလုပ်တိကို ဆက်လက်လုပ်ကိုင်ခပါရေ။ ယင်းပိုင် လိုလုပ်ယင်းနန့်
လူသိများ
လာရေအခါ ရန်ကုန်မှာ နီလို့မရရေအတွက် ဘိတ် (မြိတ်)၊ ကော့သောင်းဘက်ကို
ထွက်လားခရပါရေ။

မိန်း။ ဗိုလ်ရာဇာ၏ ငယ်စဉ်က စိတ်သဘောထား ဇာပိုင်ဟိရေလည်းဆိုတာကို ပြောပီးပါ။

ဖြေ။ သူ့ စိတ်နီသဘောထားကို သိရသလောက်ပြောရကေ
သူ ဇာနိန်ရာကို ရောက်ရောက်၊ ဇာအလုပ်ကိုပင်လုပ်လုပ်၊ ဇာပညာကိုပင် သင်သင်
သူစွာ ရခိုင်အမျိုးသားရေးကိုသာ ပိုပြီးကေ အလီးထားရေစိတဟိရေလို့ သိရပါရေ။ ငယ်စဉ်ကတည်းက သူစွာ အမျိုးသားရေးအကြောင်းတိကိုသ
ပြောလေ့ဟိပါရေ။ နောက်ပြီးကေ သူ့အဖကလည်း ရခိုင်တော်လှန်ရေးသမား
ပြောက်ကျားတစ်ဦးဖြစ်တေ အတွက် သူစွာ အမျိုးသားရေးစိတ်ဓါတ် ငယ်စဉ်ကတည်းက
ပြင်းထန်ခသူတစ်ဦးဖြစ်ပါရေ။ ရခိုင်တမျိုး သားလုံး လွတ်မြောက်ရေးအတွက်
ငယ်စဉ်ကပင် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်ရေအတွက် အရွယ်ရောက် လာရေအခါ
မည်သူတဦးတယောက်ကမှ တိုက်တွန်းစရာမလိုဘဲ တော်လှန်ရေးနယ်ပယ်ထဲကို အရောက် လားပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကိုင်ခစွာဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ လုပ်ဖေါ်ကိုင်ဖက်တိနန့်
သူ့လက်အောက်မှာဟိရေ ရဲဘော်ရဲဘက်တိကို သူကဇာပိုင် သဘောထား ဆက်ဆံတတ်ပါလဲ။

ဖြေ။ သူစွာ အမျိုးသားရေးသမားပီပီ
ရခိုင်ပြည်နန့် ရခိုင်လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရေ ဇာသူ့
ကိုမဆို ချစ်မြတ်နိုးရေ စိတ်ဟိပါရေ။ သူနန့်အတူ တော်လှန်တိုက်ပွဲဝင်ခရေ ရဲဘော်ရဲဘက်တိအပေါ်မှာလည်း မိမိရင်ဝယ်သားကဲ့သို့ သဘောထားပြီး
စောင့်ယှောက်ပါရေ။ တိုက်ပွဲမှာကျဆုံးလားရေ သူ၏ ရဲဘော်တိ အတွက်လည်း
သူစွာ အချိန်အကြာကြီး စိတ်ထိခိုက်တတ်ပြီး သူ့အတွက် ပိုပြီးအလုပ် လုပ်ဖို့
စိတ်ပြင်းပြသူ တစ်ဦးလည်း ဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာ ဇာကြောင့် ကျဆုံးရသလဲလို့
အစ်ကိုယ့် အနီနန့် ယူဆပါသလဲ။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးရစွာက
စေတနာလွန်ကဲအားကြီးလို့ ကျဆုံးရရေလို့ ပြောချင်ပါရေ။ ဇာကြောင့် လဲဆိုကေ
ခုကိစ္စမှာ သူက အကြီးဆုံးတာဝန်ဟိသူဖြစ်ပြီး သူ့အောက်က တာဝန်ဟိသူတိ လားရောက်ဆောင်ရွက်ကေ ရနိုင်ရေကိစ္စဖြစ်ကေလေ့ ကိုယ်ကိုယ်တိုင် လားရောက်လုပ်ကိုင်ရေအတွက် အခုလိုဖြစ်ခရစွာဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ ဇာအလုပ်မဆို မိမိကိုယ်တိုင် လားရောက်လုပ်ကိုင်ရမှ
ကြေနပ်တေလူစားမျိုးဖြစ်ပါရေ။ သူ့ လက်အောက်က အဆင့်ဆင့်လုပ်နိန်ကတ်တေ
သူတိကို အားမလိုအားမရဖြစ်ရာကနီ သူကိုယ်တိုင်ပါဝင်ပြီး အိန္ဒိယကို လားရောက်ခစွာဖြစ်ပါရေ။ ဇာနိန်ရာမဆို သူလုပ်မှ ရရေဆိုရေ
သဘောထားတိဟိပါရေ။ အမျိုးသားအတွက် ဖြစ်စီချင်ရေဆန္ဒတိစွာ လွန်ကဲရေအတွက်
အခုပိုင်အဖြစ်ဆိုးနန့် ကြုံတွိ့ခရစွာ ဖြစ်ပါရေ။

မိန်း။ နိုင်ငံရေးအသိုင်းအ၀ိုင်းနန့်
တော်လှန်ရေးအသိုင်းအ၀ိုင်းက ခေါင်းဆောင်တချို့က ပြောကတ်ပါရေ။ ဗိုလ်ရာဇာက
နိုင်ငံရေးမဟိ၊ မိုက်ရူးရဲဆန်ရေ။ စစ်ဘုရင်ဝါဒကျင့်သုံးရေ။ စသဖြင့်
အမျိုးမျိုး ဝေဖန်ပြောဆိုမှု တွိရပါရေ။ ယင်းအပေါ် အစ်ကိုဇာပိုင် ထင်ပါသလဲ။

ဖြေ။ ယင်းကိစ္စနန့် ပတ်သက်လို့ပြောရဖို့ဆိုကေ
သူစွာ စစ်သားတစ်ယောက်ဖြစ်တေအတွက် အပြောကြမ်း ပါရေ။ ယကေလေ့
သူ့နှလုံးသားစွာ အလွန်တရာမှ နုညံ့ပါရေ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးအပေါ်မှာ
သူ ထားရေသဘောထားစွာ အလွန်တရာ နုညံ့အားကြီးပါရေ။ ဇာလောက်ပင် သူ့ပါးစပ်က
ကြမ်းကြမ်းတမ်းတမ်း ပြောကေလေ့ သူပြောရေစကားတိထဲမှာ စေတနာပါရေအတွက်
ကြားရရေသူတိက စကားကြမ်းကြမ်း ပြောကေလေ့ ခွင့်လွှတ်သည်းခံကြပါရေ။
ဗိုလ်ရာဇာ၏ နိုင်ငံရေး၊ စည်းရုံးရေး၊ တိုက်ခိုက်ရေးကအစ ကျွန်တော်
အနီးကပ်မြင်လိုက်ရစွာက တခုလေ့ပြောစရာမဟိပါ။ နောက်တခုက သူ့ကို
ဝိုင်းရံပီးကတ်တေ တချို့ခေါင်းဆောင် တိက သူ့အမှားတိကိုတွိ့ကေလည်း
မှားစွာကို မှားရေလို့မပြောဘဲ မှန်ရေဆြိုပီး မြှောက်ပင့်လို့ ပီးကြစွာတိလည်း ဟိခပါရေ။ ယင်းအတွက်ကြောင့်လည်း ဗိုလ်ရာဇာကို
ထိခိုက်မှုတချို့ဟိခပါရေ။ ယကေလေ့ ဗိုလ်ရာဇာစွာ တိုင်းပြည်အတွက်
အများကြီး အလုပ်လုပ်ခသူတစ်ဦးဖြစ်ရေ အတွက် မှားစွာတိ ဟိနိုင်ခကေလေ့ သူမှားခစွာတိက သာမန်အမှားမျိုးတိသာ ဖြစ်ရေလို့ ပြောချင်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်ပြည်တပ်မတော်ကို
စတင်တည်ထောင်လာရေ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါရေ။ ယင်း စတင်လာရေအခါ သူ ဇာပိုင်ဖြတ်သန်းကျော်လွှားလာသလဲဆိုစွာကို အစ်ကိုသိသလောက် ပြောပြပီးပါလား။

ဖြေ။ ဗိုလ်ရာဇာ ပထမဆုံး ALP ကိုဝင်ပါရေ။ သိရသလောက်
ဗိုလ်ရာဇာစွာ
ALP က
ခေါင်းဆောင်တချို့နန့် ဆက်ဆံရေး အဆင်မပြေလို့ သိရပါရေ။ ယင်းကြောင့် သူ့ကို သီဒဏ်ပီးခစွာတိ ဟိရေလို့လည်း သိရပါရေ။ ယင်းပိုင် သီဒဏ်ပီးခံရရေအတွက်
သူစွာ ကရင်နယ်မြီ တပ်မဟာ ၄ ကို တိတ်တဆိတ် ထွက်ခွါလားပြီး ယင်းမှာ
တော်လှန်ရေးစလုပ်ပြီး လက်နက်နိ စုဆောင်းပါရေ။ လူတိ စုဆောင်းခပါရေ။
လက်နက်နန့် ငွေအင်အား တောင့်တင်းလာရေအခါ ပင်လယ်ပြင်ကို မော်တော်ဘုတ်တိနန့်
ဖြတ်ပြီး ဘင်္ဂလာ-ရခိုင်နယ်စပ်မှာ ရခိုင်ပြည် တပ်မတော်
AA ကို
လာရောက်ထူထောင်ခပါရေ။ ဗိုလ်ရာဇာစွာ ခေတ်သစ် ရခိုင်တော်လှန်ရေးသမိုင်းမှ
ရခိုင်တော်လှန်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက် အများဆုံးရှာဖွီ
စုဆောင်းပီးနိုင်ခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်တော်လှန်ရေးမှာ
အလွန်နာမည်ကြီးခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။ ယင်းချင့်က ဇာကြောင့်ပါလဲ။

ဖြေ။ ဗိုလ်ရာဇာစွာ သူရ သတ္တိနန့်
ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်ကောင်းရေသူ တစ်ဦး
ဖြစ်ပါရေ။ နောက်ပြီး ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းပါရေ။ နီစွာထိုင်စွာ လားစွာလာစွာအစ သတိ ဟိပါရေ။ စစ်သားကောင်းတစ်ယောက်အနိနန့် ဇာနိန်ရာမှ
သူ့ကိုပြောဖွယ်ရာမဟိပါ။ ဆက်ဆံရေး မှာ၎င်း၊ စည်းရုံးရေးမှာ၎င်း၊ လူထုနန့်
ဆက်ဆံရေနိန်ရာမှာလည်း ပျော့ပျောင်းပါရေ။ ပီးကမ်းချီးမြှင့်ရေနိန်ရာမှာလည်း
မငှဲ့ကွက်တတ်ပါ။ ငယ်သားတိအပေါ်မှာ စိတ်ထိခိုက်အောင် မပြောပါ။ နောက်ပြီးကေ
မဟာမိတ်တိနန့် လည်း ပြေလည်ပါရေ။ ဗုဒ္ဓဘာသာနန့်ဆိုင်ရေ
လှူဒါန်းစွန့်ကြဲပေးကမ်းမှုတိကို ရောက်ရေနိန်ရာမှာ လုပ်ပါရေ။ ပြီးကေ
ဗိုလ်ရာဇာစွာ တော်လှန်ရေး သက်တမ်းတလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် တခုလည်း
လုပ်ကိုင်ခစွာ မဟိဘဲ အမြင့်မြတ်ဆုံး ပီးဆပ်လားသူတစ်ဦးဖြစ်ပါရေ။
ဗိုလ်ရာဇာစွာ ရခိုင့် နိုင်ငံရေး တော်လှန်ရေးမှာ စံတင်ထားလောက်တေ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်ပါရေ။ ယင်းကြောင့်
ရခိုင်တော်လှန်ရေးနယ်ပယ်မှာ အချိန်တို အတောအတွင်း ဗိုလ်ရာဇာစွာ
အထူးထင်ရှားသူတစ်ဦးဖြစ်ခစွာ ဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာ ကျဆုံးလားရခြင်းအတွက်
ရခိုင်လူမျိုးတိအတွက် နစ်နာဆုံးယှုံးမှုတိ ဟိရေလို့ ထင်ပါသလား။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးလားရေအတွက်
ကျွန်တော်ရို့ ရခိုင်သားတိအတွက် အလွန့်အလွန် ဆုံးယှုံးမှုတစ်ခု ဖြစ်တေလို့
ကျွန်တော်အနီနန့် ခံစားရပါရေ။ ဇာဖြစ်လို့လဲဆိုကေ ဗိုလ်ရာဇာ
ကျဆုံးလားရေနောက်ပိုင်းမှာ သူ့ပိုင်လူမျိုး နောက်ထပ်ပေါ်ပေါက်မလာရေအတွက်
ဖြစ်ပါရေ။ ဗိုလ်ရာဇာ လုပ်ခရေလမ်းကြောင်းကို ဆက်လက် လုပ်နိုင်ရေသူ
မဟိရေပိုင် ဗိုလ်ရာဇာ အသက်၊ သွီး၊ ချွေးနဲက ရင်းနှီးပြီးရှာဖွီထားခရေ
လက်နက် ခဲယမ်း မီးကျောက်တိကိုလည်း ထိန်းသိမ်းနိုင်ခရေ သူတိ မဟိခပါ။ ရခိုင်တော်လှန်ရေးမှာ ကိုယ်ကျိုး စွန့်သူတိနည်းပါးပြီးကေ
ဗိုလ်ရာဇာပိုင် ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နိုင်ရေ ခေါင်းဆောင်တိကို
လက်ဆင့်ကမ်း မမွီးထုတ်နိုင်ရေအတွက် သူကျဆုံးလားခြင်းက
ရခိုင်တော်လှန်ရေးအတွက် အစားထိုး မရနိုင်ရေ ဆုံးယှုံးမှုကြီးတစ်ရပ်
ဖြစ်ပါရေ။ ဗိုလ်ရာဇာ ကျဆုံးသလားရေအတွက် ရခိုင်အမျိုးသားတိ လွတ်
မြောက်ဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ကျလားပါရေ။
အားနည်းလားရေလို့ ကျွန်တော့် အနီနန့် သတ်မှတ်ပါရေ။

မိန်း။ တချို့ကပြောပါရေ။ ဗိုလ်ရာဇာ
အသက်ရှင်ဟိသိမ့်ရေ။ တချို့က အိန္ဒိယအစိုးရ သတ်ပစ် လိုက်တတလို့
အမျိုးမျိုးပြောနိန်ကြပါရေ။ ယင်းအပေါ် ညီတော်စပ်တဲ့ မိသားစုဝင်
တစ်ယောက်အနီနန့် ဇာပိုင်ထင်ပါသလဲ။

ဖြေ။ ကျွန်တော်က ဗိုလ်ရာဇာ သီဆုံးလာခဗျာယ်ဖြစ်တေလို့ ယူဆပါရေ။ ဇာဖြစ်လို့လည်းဆိုကေ ပြဿနာ
ဖြစ်ရေနိန့်ကစပြီး ခုအချိန်ထိ တခုအစတနလည်း ပေါ်မလာဗျာယ်ဖြဟ်လို့ ဗိုလ်ရာဇာနန့်တကွ
ခေါင်းဆောင် ၆ ယောက် ကို အိန္ဒိယစစ်တပ်က သတ်ပစ်စွာမှန်ရေလို့
ကျွန်တော့်အနီနန့် ယုံကြည်ပါရေ။ အဂု အဖမ်းခံနီရရေ ရဲဘော်တိလည်း
ဗိုလ်ရာဇာနန့် ပစ်သတ်ခံရစွာကို မမြင်ခရကေလေ့ သေနတ်သံတိကို
ကြားခရသူတိလည်း ဖြစ်ကြပါရေ။ ယင်းကြောင့် ကျွန်တော်က အိန္ဒိယအစိုးရ
လုပ်ကြံသတ်ဖြတ်ပစ်တေဆိုစွာကို ဧကန်မုချ ယုံကြည်ပါရေ။ နောက်တချက်က
အိန္ဒိယနိုင်ငံမှာ ဒေကိစ္စနန့်ပတ်သက်လို့ ရေတပ်ဗိုလ်ချုပ်ကြီးကိုတောင်မှ ဖြုတ်ပစ်ရရေအဆင့်ထိဟိခရေအတွက် အမှန်တကယ် သတ်ပစ်စွာဟုတ်တေလို့
ယုံကြည်ပါရေ။
ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင်
တိုက်ပွဲဆင်နွဲဖို့ဆိုပြီးကေ ရခိုင်ပြည် တပ်မတော်
AA ကို
ထူထောင်ခရေ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအ၀င် ခေါင်းဆောင် ၆ ယောက်ကို
၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိန္ဒိယထောက်လှမ်းရေးက အန်တမန်ကျွန်းမှာ
ရေတပ်အခြီစိုက်စခန်းတစ်ခု ဖွင့်ပီးမေ ဆိုပြီး ခေါ်ယူလားကာ
လုပ်ကြံသတ်ဖြတ်လိုက်ပါရေ။ ဗိုလ်ရာဇာ လုပ်ကြံခံလိုက်ရပြီးနောက် သူနန့် အတူ
ပါလာသော ရခိုင်ကရင် ရဲဘော် ၃၄ ယောက်ကိုလည်း ဂနိန့်တိုင် အိန္ဒိယအစိုးရက
ချုပ်နှောင်ထားပါရေ။ ဘင်္ဂလာနယ်စပ်မှာဟိနိန်ရေ ရာနန့်ချီရေ ရဲဘောတိနန့်
ခေတ်မှီလက်နက်မျိုးစုံမှာလည်း သူနန့်အတူ ပျောက်ဆုံးလားခရပါရေ
လောကသာရပျို့ ဆရာရခိုင်သူမြတ်၏အတ္ထုပ္ပတ္တိ


သက္ကရာဇ် ၆၈၈ ခုနှစ်တွင် မင်းလျင်စောသည် သရက်မြို့ကိုတည်၍နိန်သည်။ သက်လူမျိုးများကိုအုပ်စိုးသောကြောင့် သက်မင်းဟုကျော်စောသည်။ သက်မင်းလျင်စောတွင် စောစုံ၊ စောဖြူ၊ စောတူဟု သားတော်သုံးပါးဟိပါသည်။
သက်ရို့သည်ရခိုင်ရိုးမတောင်စဉ်တောင်တန်းဟိ ကျေးရွာများကိုလားရောက် တိုက်ခိုက်ဖျက်ဆီးကြသည်။ ထိုအခါ ရခိုင်ဘုရင်မင်းထီးသည် အမတ်ကြီးရာဇစည်သူသင်္ကြကိုစီလွှတ်၍သရက်ကိုအတိုက်ခိုင်းသည်

သက္ကရာဇ် ၆၉၅ ခုတွင် အမတ်ကြီးသည် စစ်သည်ဗိုလ်ပါအများနှင့် ရိုးမတောင်ကိုဖြတ်ကျော်ချီတက်ကာ သက်မင်းလျင်စောအား သားတော်သမီးတော် မိဖုရား မောင်းမရို့နှင့်အတူ ပရိယာယ်ဖြင့် အလွယ်တကူ ရခိုင်သို့ယူဆောင်လီသည်။

မင်းလျင်စောလည်းရခိုင်သို့ရောက်လျှင် သားတော်သုံးပါးရို့ကို ပိဋကတ် ဗေဒင်တတ်သော သူမြတ်ဝယ်အပ်လီ၏။ မင်းသားသုံးပါးလည်း ပိဋကတ် ဗေဒင်သင်၍တတ်လီလျှင် ဆရာသူမြတ်အိပ်မက်မြင်တော်မူ၏။ နောင်တော်အကြီးစောစုံသည် စမုန်မြစ်ရီကိုသောက်၍ ကုန်သည်ဟုမက်၏။ ညီတော်အလတ် စောဖြူသည် ဖိုးဦးမော်ရီကိုသောက်၍ကုန်သည်ဟု မက်၏။ ညီတော်အငယ် စောတူသည် အဝမြစ်ရီကိုသောက်၍ ကုန်သည်ဟု မက်၏။ ဆရာသူမြတ်လည်း မင်းသုံးပါးကိုခေါ်၍ -အမောင်ရို့လည်းစစ်ကိုင်း၊ ပင်းယသို့လား၍နိန်ကတ်လီ။ မင်းဂျည်းဖြစ်လိမ့်မည်။ မင်းဖြစ်လျှင် ငါ့ကိုမမိန့်ပါနှင့်-ဟုမိန့်တော်မူ၏။ မင်းညီနောင်သုံးပါးရို့လည်း ခမည်းတော် မယ်တော်ရို့ကိုလျှောက်၍ သက္ကရာဇ် ၇၀၅ ခုတွင် အရှေ့ပြည်သို့လားကြလီသည်။ စစ်ကိုင်း၊ ပင်းယသို့ရောက်လျှင် စောစုံသည် မြင့်စိုင်းမြို့ကိုစားရသည်။ စောဖြူသည် ပြည်မြို့ကိုစားရသည်။ စောတူသည် အမြင့်မြို့ကို တရဖျားစောက် အမည်နှင့် စားရသည်။

နောင်သောအခါ အမြင့်တရဖျားစောကဲသည် အဝမြို့တွင် မင်းကြီးစွာစောကဲအမည်နှင့် မင်းဖြစ်လီသည်။ မင်းကြီးစွာစောကဲသည် ပညာဟိကိုချစ်တော်မူတတ်သည်။ ပညာဟိစကားကို နားထောင်နားထောင်တော်မူတတ်သည်။ မင်းကြီးလက်ထက်တွင် စဉ်းတပစ်အမတ်နှင့် ဝန်စင်းမင်းရာဇာရို့သည် မင်းတိုင်ပင်ပညာဟိများဖြစ်ကြသည်။ မင်းဖြစ်၍ (၁၆)နှစ်ဟိသောအခါ မင်းကြီးသည် မိမိ၏ ငယ်ဆရာ ရခိုင်သူမြတ်ကို သတိရ၍ နိန်ပြည်တော်သို့ပင်ခေါ်ကာ မဟာသင်္ဃရာဇာဟူသော တံဆိပ်နာမံကပ်လှူပြီးလျှင် ကိုးကွယ်တော်မူလီသည်။

ထိုမဟာသင်္ဃရာဇာ တံဆိပ်နာမံကို ခံယူတော်မူသည့် ရခိုင်သူမြတ်သည် မင်းသားသုံးပါးကို စာပီချစဉ်အခါက လောကသာရပျို့ကိုစီကုံးကာ မင်းသားအားသင်ကြားပီးလီသည်။

ဤကား ဦးကုလားရာဇဝင်၊ဓညဝတီအရေးတော်ပုံ၊ သာသနာလင်္ကာရစာတန်းရို့နှင့် အညီဖြစ်သော လောကသာရပျို့နှင့် ပျို့ဆရာရို့၏ အတ္ထုပ္ပုတ္တိပေတည်း။

Saturday, April 7, 2012

နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်း

ဆာပေါ်ထွန်းသည် ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင်းကြီး တဦး ဖြစ်သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးရဲဖော်၏ သားအငယ် ဖြစ်သည်။ စစ်တွေမြို့၊ ရန်ကုန်မြို့ ကာလကတ္တားမြို့တို့တွင် ပညာသင်ကြားခဲ့သည်။ ဝိဇ္ဇာတန်းထိ ပညာဆည်းပူးခဲ့သည်။
၁၉ဝ၄ ခုနှစ်၊ ၁၉ဝ၅ ခုနှစ်တွင် ရန်ကုန်မြို့ မက်သဒစ် ယောက်ျားကလေး ကျောင်းတွင် ကျောင်းဆရာကြီး အဖြစ် လည်းကောင်း၊ ၁၉ဝ၅ ခုနှစ်မှ ၁၉ဝ၈ ခုနှစ် အထိ ရန်ကုန်မြို့ အစိုးရ ဟိုက်စကူးကျောင်း၌ အလယ် တန်းနှင့် အထက်တန်း ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။
ဆာပေါ်ထွန်းသည် ပညာရေး လောက၌ ဆောင်ရွက်ပြီးနောက် ၁၉ဝ၈ ခုနှစ်မှ ၁၉၁၂ ခုနှစ်ထိ ချိ(ပ်)ကုတ် ရုံးတော်ကြီးတွင် စကားပြန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၂ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ နှစ်များတွင် မြို့ ပိုင်၊ အခွန်ဝန်၊ နယ်ပိုင် စသော ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး ရာထူးများတွင် ဝင်ရောက် အမှုထမ်းခဲ့သည်။ ယင်းသို့ အုပ်ချုပ်ရေးပိုင်းတွင် ထမ်းရွက်စဉ် ပထမ ကမာႝစစ်ကြီး အတွင်း ဗြိတိသျှတို့ စစ်အောင်မြင်ရေး အတွက် အထူး အကူအညီ ပေးခဲ့၍ ဆုတံဆိပ်များ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၁၉ ခုနှစ်တွင် အမှုထမ်းကောင်း တံဆိပ်ရ မင်းဘွဲ့ကိုလည်း ရရှိခဲ့သည်။

ထို့နောက် ဗြိတိသျှ အစိုးရ အမှုထမ်း အဖြစ်မှ နုတ်ထွက်လိုက်ပြီး ၁၉၂၃ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ သွား၍ ဝတ်လုံပညာ သင်ကြား တတ်မြောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လာကာ ဝတ်လုံ လိုက်ရင်း နိုင်ငံရေး နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ရမည်းသင်း မြောက်ပိုင်း မဲဆန္ဒနယ်မှဥပဒေပြု ကောင်စီ အမတ် အဖြစ် အရွေးခံရသည်။

၁၉၂၅ ခုနှစ်မှ ၁၉၂၈ ခုနှစ် အထိ ဥပဒေပြု ကောင်စီ ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့ မြူနီစီ ပယ် ကော်ပိုရေးရှင်း၏ အဖွဲ့ဝင် လူကြီး တဦး အဖြစ်ဖြင့် ၁၉၂၇ ခုနှစ်မှ ၁၉၃၂ ခုနှစ် အထိ ဆောင်ရွက်ခဲ့ သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန် မြို့တော်ဝန် ဖြစ်လာသည်။

ဤသို့လျှင် ဆာပေါ်ထွန်းသည် မြန်မာနိုင်ငံရေး လောကတွင် တဖြည်းဖြည်း ထင်ရှားလာသည့် အလျောက် ၁၉၂၅ ခုနှစ်မှ ၁၉၂၇ ခုနှစ် အထိ ‘သရာဇပါတီ’ ၏ ဒုတိယခေါင်းဆောင် ဖြစ်လာသည်။ ထို့ပြင် ပြည်သူပါတီ၊ နှစ်ဆယ့်ခုနှစ်ဦး အဖွဲ့ စသည့် ပါတီများ၌လည်း အရေးပါသော အမှုဆောင် တဦး ဖြစ်လာသည်။ ၁၉၃၂ ခုနှစ်မှ ၁၉၃၅ ခုနှစ် အထိ ထိပ်တန်း မြန်မာ နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော သမ္မတ ဦးချစ်လှိုင်၊ ဦးမြတ်သာထွန်းတို့နှင့် အတူ ‘လှိုင်၊ မြတ်၊ ပေါ်’ ပါတီကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ အိန္ဒိယပြည်နှင့် မြန်မာ ပြည် တွဲရေး ခွဲရေး ပြဿနာ ပေါ်ပေါက်လာသော အခါ တွဲရေးဘက်မှ ဆောင်ရွက်ခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ဗြိတိသျှ ပါလီမန်က မြန်မာပြည် ဥပဒေကြမ်းကို စိစစ် ရေးဆွဲရန် တွဲဖက် ကော်မတီ တခု ဖွဲ့စည်းသည်။ ထိုတွဲဖက် ကော်မတီနှင့် တိုင်ပင် ဆွေးနွေးရန် မြန်မာနိုင်ငံ ကိုယ်စားလှယ်များကို ဘိလပ်သို့ ခေါ်ရာ ကိုယ်စားလှယ် အဖွဲ့တွင် ‘လှိုင်-မြတ်-ပေါ်’ ပါတီနှင့် ‘ဆင်းရဲသား ပါတီ’ တို့၏ ကိုယ်စား ဆာပေါ်ထွန်း လိုက်ပါ သွားခဲ့သည်။

မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သော အခါ ၉၁ ဌာန ဟူသော အုပ်ချုပ်ရေးသစ်ဖြင့် စတင်အုပ်ချုပ် ရသည်။ ပထမဆုံးအကြိမ် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲများကို ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပ သည်။ ဆာပေါ်ထွန်းသည် ဦးချစ်လှိုင် ပါတီဝင် အဖြစ် ပခုက္ကူ ခရိုင် ရေစကြို မဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ထိုအချိန်တွင် ဆာပေါ်ထွန်းသည် ဦးချစ်လှိုင် ပါတီ၏ ခေါင်းဆောင် ဖြစ်သည်။

ထိုအခါတွင် ဒေါက်တာ ဘမော် ခေါင်းဆောင်၍ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့သည်။ ထိုညွန့်ပေါင်း အစိုးရတွင် ဆာပေါ်ထွန်းသည် ပြည်ထဲရေး ဝန်းကြီးနှင့် တရားရေး ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဗြိတိသျှ အစိုးရက ဦးပေါ်ထွန်းကို ‘ဆာ’ ဘွဲ့ဖြင့် ချီးမြှင့်သည်။ ယင်းမှစ၍ ဆာပေါ်ထွန်းဟု ခေါ်တွင် လာကြ သည်။ ထိုအချိန်တွင် ဥရောပ၌ စစ်ယမ်းအိုးကြီ ပေါက်ကွဲလုနီး ဖြစ်နေသည်။ မြန်မာပြည်တွင်လည်း မျိုးချစ် စိတ်ဓာတ် ထက်သန်ခြင်း ပြင်းပြလာကာ လှုပ်ရှားမှုများ များပြားလာသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအရေးများ ပြင်းထန်လာသည်။ တစ်နိုင်ငံလုံး ဆူဆူပူပူဖြစ်လာသဖြင့်ဒေါက်တာဘမော်ညွန့်ပေါင်း အစိုးရသည် ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြုတ်ကျလေသည်။

ထိုအခါ ဦးပု ခေါင်းဆောင်သော ညွန့်ပေါင်း အစိုးရ တက်ပြန်သည်။ ဆာပေါ်ထွန်းသည် ထိုအစိုးရ အဖွဲ့တွင် မြေနှင့် အခွန်တော်ဌာနဝန်ကြီး အဖြစ် ပါဝင်ရပြန်သည်။ ဦးပုအစိုးရအဖွဲ့သည် ၁၉၄ဝ ပြည့်နှစ်တွင် ပြုတ်ကျ ပြန်၍ ဂဠုန်ဦးစောအစိုးရအဖွဲ့ တက်ပြန်သည်။ ထိုအဖွဲ့တွင်လည်း ဆာပေါ်ထွန်းသည် မြေနှင့် အခွန်တော် ဌာနဝန်ကြီးအဖြစ်ဆောင်ရွက်ရသည်။ ၁၉၄၁ခုနှစ် နောက်ပိုင်းတွင်ဂဠုန်ဦးစောဘိလပ်သွာစဉ် ဆာပေါ်ထွန်း သည် မြန်မာ အစိုးရအဖွဲ့၏ ခေါင်းဆောင် ခေတ္တ နန်းရင်းဝန် အဖြစ် ဆောင်ရွက်ရသည်။ ၁၉၄၂ ခုနှစ်၊ ဇန်န ၀ါရီလ မှစ၍ ဆာပေါ်ထွန်းသည် မြန်မာပြည် နန်းရင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုအတောအတွင်းဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာ့အရှေ့ဘက်ခြမ်းသို့ပျံ့နှံ့လာသည်။ဂျပန်တို့၏ စစ်ကြောင်း သည် မြန်မာပြည်ဘက်သို့လည်း ရောက်ရှိ လာခဲ့သည်။ ထိုအခါ ဗြိတိသျှ အစိုးရသည် မြန်မာပြည် အစိုးရ အဖွဲ့အား ၁၉၄၂ ခု နှစ်ဦးပိုင်းတွင် အိန္တိယပြည် ဆင်းမလားမြို့သို့ ရွှေ့ပြောင်း စေခဲ့သည်။

ထို့ကြောင့် ဆာပေါ်ထွန်း အစိုးရ အဖွဲ့သည် အိန္တိယပြည်သို့ ပါသွားကာ ဆင်းမလားမြို့၌ အဝေးရောက် မြန်မာပြည် အစိုးရအဖွဲ့ရုံးကို ဖွင့်လှစ်ထားသည်။ ဒုတိယကမ္ဘာ့စစ်ကြီး ပြီးဆုံးသောအခါ မြန်မာပြည် အတွက် အုပ်ချုပ်ရေး စီမံကိန်းများကို ဆင်းမလားမြို့၌ပင် ရေးဆွဲခဲ့သည်။

ဆာပေါ်ထွန်းသည် မြန်မာပြည်နန်းရင်းဝန် အဖြစ် ၁၉၄၃ ခုနှစ်၊ ဧပြီလ အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြန်မာပြည် ဘုရင်၏ အကြံပေး အရာရှိ အဖြစ် ဆက်လက် ဆောင်ရွက်သည်။ မြန်မာပြည်ကို မဟာမိတ်တပ် များက ပြန်လည် သိမ်းပိုက်ပြီးနောက် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် စစ်အုပ်ချုပ်ရေးကို ရပ်စဲလိုက် သည်။ အိန္တိယပြည်သို့ စစ်ပြေးခဲ့သော မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်သည် မြို့ပြ အုပ်ချုပ် ရေးကို လက်ခံရန် မြန်မာပြည်သို့ ပြန်လာသည်။ ဆာပေါ်ထွန်းသည် ဆာဒေါ်မန်စမစ်၏ အတိုင်ပင်ခံ အမှု ဆောင် အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် ၁၉၄၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ဘုရင်ခံ၏ အတိုင်ပင်ခံ အမှုဆောင် အဖွဲ့တွင် ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော်၊ သခင် ထွန်းအုပ်၊ ဦးအေး၊ ဦးဘအုန်း၊ ဦးလွန်း၊ ဦးပု (သာယာဝတီ)၊ ဦးမောင်မောင်တို့ ပါဝင်သည်။ ထိုအချိန် မြန်မာ တိုင်ရင်းသားတို့သည် နိုင်ငံ လွတ်လပ် ရေး စိတ်ဓာတ် အလွန် တက်ကြွနေသည်။ ပုလိပ် သပိတ်၊ အမှုထမ်းပေါင်းစုံ သပိတ် စသည်များ ပေါ်ပေါက် ကာ ဗြိတိသျှ အစိုးရအား မကြုံစဖူး အွုံွ့က၍ ဆန့်ကျင်ဘက် ပြုနေကြသည်။ လုံးဝ လွတ်လပ်ရေး ပေးရန် အရေးဆိုကြသည်။ အစိုးရ ဆန့်ကျင်ဘက် လုပ်ငန်း အားလုံးကို ဗိုလ်ချုပ် အောင်ဆန်းက ဦးဆောင်ဦးရွက် ပြုခဲ့သည်။ ထို့ကြောင့် ဗြိတိသျှ အာဏာပိုင်တို့သည် ဆာဒေါ်မန်စမစ်အား ပြန်ခေါ်ပြီး နောက်ဆုံး ဆာဟူး ဗတ်ရန့်အား မြန်မာပြည် ဘုရင်ခံ အဖြစ် ခန့်ထားသည်။

ဆာဟူးဗတ်ရန့်သည် အတိုင်ပင်ခံ အမှုဆောင် ဝန်ကြီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရာ ထိုစဉ်က လူထု၏ တခဲနက် ထောက်ခံမှု ရရှိသော ဖဆပလ ခေါင်းဆောင်းကြီးများ ပါဝင်လာသည်။ ဆာပေါ်ထွန်း မပါဝင်တော့ ချေ။

ဆာပေါ်ထွန်းသည် ထိုစဉ် အခါက ဖဆပလ အဖွဲ့မှ ခေါင်းဆောင်၍ လုံးဝ လွတ်လပ်ရေး ပေးရန် တောင်း ဆိုခြင်းကိုမှု ထောက်ခံခဲ့သည်။ထို့နောက်ဆာပေါ်ထွန်းသည် နိုင်ငံရေးမှ အနားယူပြီးလျှင် ငြိမ်သက် အေးချမ်း စွာ နေထိုင်ခဲ့သည်။ ဆာပေါ်ထွန်းသည် ၁၉ဝ၄ ခုနှစ်တွင် မြန်မာ အမျိုးသမီး ဒေါ်ထွေးနှင့် လက်ဆက်ခဲ့ပြီး သားတယောက် ရသည်။ ဒေါ်ထွေးသည် ၁၉၃၁ ခုနှစ်တွင် အနိစ္စ ရောက်သည်။

၁၉၃၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုး ပြည်နယ်၊ ကလိဗလန်းမြို့မှ ဆာရာ အယ်လစ်ဇ မတ် ဂျီဝစ်နှင့် လက်ထပ်ခဲ့သည်။ သမီးတယောက် ရခဲ့သည်။

ဘ၀နိဂုံး
နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်းသည် ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်သွားသည်။
ကိုးကား
ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် စပယ်ဦး စာပေ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ အကြိမ်)
ဦးစံရွှေ (၁၈၈၂-၁၉၇၂)

သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေ (၁၈၈၂-၁၉၇၂)

"မြန်မာ့ ပညာရေးလောကတွင် ထင်ရှားသည်။ အထူးသဖြင့် သက်ကြီး တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် လူသိများသည်။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ အစောဆုံး ဘီအေဘွဲ့ရသူများတွင် တဦး အပါ အဝင် ဖြစ်သည်။ ကိုလိုနီခေတ်ဦးအစိုးရ အထက်တန်းကျောင်း အမြဲတမ်းကျောင်းအုပ်ကြီး ရာထူးကို မြန်မာ တိုင်းရင်း သားများထဲမှ ပထမဦးဆုံး ခန့်ထားခံရသူ၊ အိန္ဒိယ ပဋိညာဉ်ခံ ပညာရေးဝန်ထမ်း သတ်မှတ်ချက် ကို ငြင်းပယ်ခဲ့ သူ၊ အမျိုးသား ပညာရေးကို အားပေးကူညီ၍ ဗြိတိသျှ အစိုးရ၏ အငြိုအငြင်ခံရသူ၊ အင်္ဂလန်မှ ထိပ်တန်း ဝတ်လုံဘွဲ့ (Barrister at Law) ရခဲ့သော်လည်း ပညာရေးသမား တဦးအဖြစ် ဘဝတလျှောက်လုံး ပညာရေး နယ်ပယ်တွင်သာ အစဉ်တစိုက် ဆောင်ရွက်ခဲ့သူ ဖြစ်သည်"
ငယ်ဘဝ
၁၈၈၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် စစ်တွေ၌ ဖွားသည်။ အဖ မြေပိုင်ရှင် ကျောင်းဆရာကြီး ဦးစံလှအောင်၊ အမိ ဒေါ်သုနန္ဒာ ဖြစ်သည်။ ရခိုင် တိုင်းရင်းသား ဖြစ်သည်။

၁၈၈၇ ခုနှစ်တွင် ဆရာ ဦးဖေသက်နှံ၏ တိုင်းရင်းသား စာသင်ကျောင်း၊ ၁၈၈၉ ခုနှစ်တွင် စစ်တွေ အစိုးရ အ ထက်တန်းကျောင်းတို့၌ ပညာသင်သည်။ ၁၈၉၇ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်ဝင်ခွင့် စာမေး ပွဲ အောင်သည်။ တက္ကသိုလ် ပညာသင်ဆု ရသည်။ ၁၉ဝ၁ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဘီအေ စာမေး ပွဲကို ပထမအဆင့်ဖြင့် အောင်သည်။ ရွှေတံဆိပ် ချီးမြှင့်ခံရသည်။ ၁၉ဝ၁ ခုနှစ်၊ သြဂုတ်လတွင် အင်္ဂလန်နိုင် ငံသို့ ပညာတော်သင် သွားရောက်ခဲ့သည်။

၁၉ဝ၄ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် အီမယ်ညူဝယ် ကောလိပ်မှ ဘီအေဘွဲ့ ရသည်။ ထို့နောက် အိုင် စီ အက်စ် စာမေးပွဲအတွက် တနှစ်ခန့် ကြိုတင် ပြင်ဆင်ခဲ့သည်။ သို့သော် မျက်စိအထူးကု ဆရာဝန်၏ တားမြစ် ချက်အရ စာမေးပွဲ မဖြေဖြစ်တော့ချေ။ မျက်စိရောဂါ ပျောက်ကင်းပြီးနောက် ဥပဒေပညာကို ဆက်လက် ဆည်း ပူးရာ ၁၉ဝ၇ ခုနှစ်တွင် ဝတ်လုံစာမေးပွဲကို ဒုတိယတန်း ဂုဏ်ထူးဖြင့် အောင်သည်။ အောင်မြင်သူများ အနက် အဆင့်၉ဖြစ်သည်။ ထို့နောက်လန်ဒန်တွင် ဥပဒေပညာ သင်ကြားနေသည့် အိန္ဒိယနှင့်မြန်မာကျောင်း သားအချို့ကို ကျူတာအဖြစ် ဆောင်ရွက်သည်။ အင်္ဂလန်နိုင်ငံမှ စာနယ်ဇင်း များတွင် လည်း ဆောင်းပါး များ ရေးသားခဲ့သည်။ ၁၉ဝ၈ မှ ၁၉၁ဝ ပြည့်နှစ်အတွင်း လန်ဒန်မှနေ၍ ရန်ကုန်တွင် ထုတ်ဝေသည့် ရန်ဂွန်း တိုင်း မ်၊ သည်ဘားမား ကရစ်တစ်စ်တို့တွင် အပတ်စဉ် ဆောင်းပါးများ ရေးခဲ့သည်။ ၁၉၁ဝ ပြည့်နှစ်တွင် လန်ဒန် ဂရေးအင်းမှ ဘာရစ်စတာအက်လော ဝတ်လုံဘွဲ့နှင့် ကိန်းဘရစ် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ ထပ်မံ ရရှိသည်။

၁၉၁ဝ ပြည့်နှစ်၊ ဇွန်လတွင် မြန်မာပြည် ဘုရင်ခံ ဆာအာသာဝှိုက်၏ မေတ္တာရပ်ခံ ချက်ကြောင့် မြန်မာပြည် သို့ ပြန်လာသည်။ ဘုရင်ခံ ပေးအပ်သော ဝန်ထောက်ရာထူးကို ငြင်းပယ်၍ ပြည်မြို့ အစိုးရ အထက် တန်း ကျောင်း ကျောင်းအုပ်ရာထူးကိုသာ လက်ခံ ရွေးချယ်ခဲ့သည်။ ထိုအချိန်က အစိုးရ အထက် တန်း ကျောင်းအုပ် ကြီးများ အထဲတွင် တဦးတည်းသော မြန်မာတိုင်းရင်းသား ဖြစ်သည်။ ဦးစံရွှေ၏ လက်ထက်တွင် ပြည် အစိုးရ အထက်တန်းကျောင်းသည် ကျောင်းသား နှစ်ဆခန့် တိုးပွားလာသည်။ ပညာ သင်ကြားရေးတွင် ကျောင်းစာ သာမက ခေတ်မီ အားကစားနည်း၊ စာကြည့်တိုက် အသုံးပြု နည်းနှင့် ကျောင်း မဂ္ဂဇင်း ထုတ်ဝေခြင်းတို့ကို စတင် မိတ်ဆက်ပေးခဲ့သည်။

၁၉၁၆ ခုနှစ်၊ သြဂုတ်လတွင် ပဲခူးတိုင်း ပညာဝန်၊ ၁၉၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ရခိုင် ပညာဝန်၊ ၁၉၁၇ ခုနှစ်တွင် ရခိုင် ပညာဝန် ရာထူးအပြင် စစ်တွေ အစိုးရ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့ရသည်။ ၁၉၂၁ ခုနှစ်တွင် မြန်မာပြည် ဘုရင်ခံ ကရက်ဒေါက်က အိန္ဒိယ ပညာ ရေး ပဋိညာဉ်ခံ ဝန်ထမ်းအဖြစ် တိုးမြှင့် ပေးခဲ့သော်လည်း လက်မခံခဲ့ချေ။ ပညာမင်းကြီး မတ်ဟန့် တားနှင့် ပြဿနာ ဖြစ်၍ အစိုးရဝန်ထမ်း ဘဝမှ နုတ်ထွက်ကာ ဝတ်လုံ ဦးဘဒွန်းနှင့် တွဲ၍ ရှေ့နေ အဖြစ် ဆောင်ရွက် ခဲ့သည်။

ပညာရေးဝန်ကြီး အမ်အေ ဦးမောင်ကြီး လက်ထက်တွင် အမျိုးသားကျောင်းများကို အစိုးရ အသိ အမှတ်ပြု ရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ၁၉၂၂ ခုနှစ်၊ သြဂုတ်လတွင် ပဲခူးတိုင်း ပညာဝန် အ ဖြစ် ပြန်လည် ခန့်အပ်ခံရသည်။ ထို့နောက် မကွေးတိုင်း ၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့တွင် ပညာဝန် အဖြစ် ဆက်လက် ဆောင်ရွက်သည်။ ပဲခူးတိုင်း ပညာဝန်အဖြစ် ဆောင်ရွက်စဉ် ၁၉၃၆ ခုနှစ်၊ အမျိုးသား တက္ကသိုလ် တွင် ပထဝီဘာသာကိုသင်ကြားပြသ၍ အစိုးရ၏ တားမြစ်ခြင်း ခံရသည်။ ၁၉၃၇ ခုနှစ်၊ သြဂုတ်လတွင် အငြိမ်း စား ယူခဲ့သည်။

အငြိမ်းစား ယူပြီးနောက် ၁၉၃၇-၄ဝ ခုနှစ်တွင် ရန်ကုန် မြူနီစီပယ် ပညာရေး အရာရှိအဖြစ် ဆောင်ရွက် သည်။ ရန်ကုန် မြူနီစီပယ်ကျောင်း ၁၁ ကျောင်းမှ ၇၉ ကျောင်း အထိ တိုးချဲ့ ဆောင်ရွက် နိုင်ခဲ့သည်။ မသင်မ နေရ ပညာရေးစီမံကိန်းကိုလည်း ပထမဆုံးရေးဆွဲတင်ပြခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ် ဖြစ်ပွား လာ၍ အ ကောင်အထည် မဖော်နိုင်ခဲ့ချေ။ စစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် အမျိုးသား ကောလိပ် ပထဝီ ပါမောက္ခ၊ ဆက် လက်၍ ၁၉၄၈ မှ ၁၉၆၄ ခုနှစ်အထိ သက်ကြီးတက္ကသိုလ် ကျောင်းအုပ်နှင့်၊ ပထဝီနှင့် အင်္ဂလိပ်စာပေ ပါမောက္ခ အဖြစ် လည်း ဆောင်ရွက်ခဲ့ပါသည်။

ငယ်စဉ်ကပင် ဘောလုံး၊ ခရစ်ကက်၊ တင်းနစ် ကစားနည်းများကို ဝါသနာပါ၍ လိုက်စားခဲ့သည်။ ရန် ကုန် ကောလိပ် ဘောလုံးအသင်း ခေါင်းဆောင်၊ ကိန်းဘရစ် တက္ကသိုလ် ကောလိပ်ဘောလုံးနှင့် ခရစ်ကက် ကစား သမား အဖြစ်လည်း ကစားခဲ့သည်။ ပထမဇနီး ဒေစီဟန်နီဂန် ကွယ်လွန်ပြီးနောက် ဒေါ်စိန်လတ်နှင့် ထပ်မံ လက်ထပ်သည်။ ဒေါ်စိန်လတ်သည် သက်ကြီးတက္ကသိုလ် အုပ်ချုပ်ရေး ကော်မတီ ဘဏ္ဍာရေးမှူးနှင့် လက် ထောက် မော်ကွန်းထိန်း အဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးစံရွှေသည် ပညာရေးဝန်ထမ်း တဦးအဖြစ် ၁၉၃၅ခုနှစ်တွင် တိုင်းရင်းသားနှင့် အသက်မွေး ဝမ်းကျောင်း ပြုပြင်စီမံမှု အဖွဲ့ဝင်၊ ၁၉၃၇ ခုနှစ်တွင် ပထမပြန် ပညာရေး ကော်မတီ အတွင်းရေးမှူး၊ ၁၉၄၆ ခုနှစ်တွင် ပညာရေး ပေါ်လစီ စုံစမ်းရေး ကော်မတီ အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ပြန်လည် တည်ဆောက်ရေး ကော်မ တီ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရ၏ ဝဏ္ဏကျော်ထင်ဘွဲ့ တံဆိပ် ချီးမြှင့်ခံရသည်။ မြို့မ ဦးဘလွင်နှင့် တွဲ၍ ပထဝီ ပညာရပ် ဝေါဟာရများကို မြန် မာပြန်ခဲ့ သည်။ မြန် မာဘာသာဖြင့် 'အင်္ဂလန် ပြည်ရှိ အမေရိကန်များ' စာအုပ်နှင့် အင်္ဂလိပ် စာနယ်ဇင်းများ တွင် ဆောင်းပါး များ ရေးသားခဲ့သည်။

ဘဝနိဂုံး
ဦးစံရွှေသည် ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား
၁။ ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာ လူကျော် ၁၀၀ (ပထမအုပ်)' စာအုပ်မှ
ရခိုင်ရိုးရာ ရထားဆွဲပွဲအစ

သက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာ ကျော်နှင့် ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) ကဲ့သို့ ပညာရှိများနှင့် လောကီပညာရှင်များ ပေါ်ထွန်းခဲ့ ကြောင်း သိရသည်။ ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) မှာ ဘုရင့်တိုင်းပြည်ရေးရာကို လောကီပညာဖြင့် ကူညီထမ်းဆောင်နေသူအဖြစ် ထင်ရှားသည်။ တစ်ခါသော် သျှင်ငယ်မြ၀ါသည် တိုင်းပြည်ရှေ့ရေးအတိတ်နိမိတ် မကောင်းခြင်းကို မြင်ရာ မင်းဘာဘုရင်ထံ သွားရောက်ပြီး ကြာသပတေးရက်သားရှင်တစ်ဦး၏ ရင်ကိုခွဲ၊ အူကို ထုတ်ကာ ၎င်းလဲကျကွယ်လွန်ရာနေရာတွင်သာ မြုပ်နှံရန် လျှောက်တင်သည်။ ထိုစဉ်လောကီ ပညာရှင်ဦးမြ၀ါမှာ ကြာသပတေးရက်သားဖြစ်ပြီး မိမိ၏ရင်ကိုခွဲကာ အူကိုထုတ်၍ နန်းတော်အား ပတ်စဉ် ယုတ်ညံ့သောအရပ်၌ လဲကျကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထိုသို့ မျိုးချစ်တိုင်းပြည်ရတနာဖြစ်သူအား ဘုရင်က ယုတ်နိမ့်အရပ်တွင် မမြုပ်စေဘဲ မြင့်မြတ်အရပ်၌သာ မြုပ်နှံစေရာ ပြည်သူအပေါင်းနှင့် သဘောထားကွဲလွဲပြီး သျှင်ငယ်မြ၀ါ၏ ကြွင်းကျန်ရုပ်အလောင်းအား ပန်းရထားပေါ်တွင်တင်ပြီး ပြည်သူတစ်ဘက်၊ ဘုရင်ဖက်တော်သားတို့က တစ်ဘက်၊ သူ့ဘက်ကိုယ့်ဘက် အနိုင်ရရှိစေရန် အပြိုင်ဆွဲခဲ့ကြ ကြောင်း သမိုင်းအရ သိရှိရပါသည်။ ထိုအချိန်မှစတင်ကာ လောကီပညာရှင် သျှင်ငယ် ဦးမြ၀ါအား ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း တပို့တွဲလ ရောက်တိုင်း ရထားဆွဲပွဲ ကျင်းပကြခြင်းဖြစ်ပါသည်။
ကုံရာသီ တပို့တွဲ ရထားဆွဲ

တစ်နှစ်လုံး၏ ဆောင်းရာသီ တစ်လတည်း၌သာ ရထားဆွဲပွဲကို ကျင်းပသည်။ တောင်သူလယ်သမားများနှင့် ပြည်သူအပေါင်း စပါးရိတ်ပြီးချိန် ငွေရွှင်ချိန်နှင့် ရှေ့လာမည့်နှစ်တွင် ရာသီဥတုကောင်းမွန်စေရန်နှင့် စပါးဆန်ရေပေါများစေရန် ရည်ရွယ်၍လည်း တပို့တွဲလတွင် ရထားဆွဲကြကြောင်း စာဆိုသုတေသီအပေါင်းက ဆိုသည်။ မြောက်ဦးခေတ်က အစပျိုးကာ ဗြိတိသျှခေတ်နှင့် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင်လည်း စဉ်ဆက်မပြတ် ရထားဆွဲပွဲကို ရခိုင်ဒေသအသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ ယနေ့ အချိန်အခါတွင် နှစ်စဉ်နှစ်တိုင်း ရထားပွဲကို ကျင်းပသော်လည်း စစ်တွေမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၄၀) ခန့်ကပင် ရထားဆွဲပွဲ မကျင်းပခဲ့ကြောင်း သိရပါသည်။ ရထားဆွဲရန် သစ်သားဘောင်ကို ခိုင်ခန့်အောင် လုပ်ပြီး သစ်သားဘီးများဖြင့် တွဲဆက်ကာ ရထားအလယ်၌ ၀ါးညွှန့်ပင်ကို စိုက်ထူကာ ရထားတစ်ဘက်တစ်ချက်၌ ကြိုးဖြင့် ဆွဲကြသည်။ ရပ်ကွက်အသီးသီးမှ တစ်ဘက်နှင့်တစ်ဘက် အပြိုင်ဆွဲ (သံကျိပ်) သံချပ်ထိုးကြ သည်။ ညီညွတ်စုပေါင်းခွန်အားနှင့် အားကစားစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ကို အခြေခံကာ ယှဉ်ပြိုင်ကြသည်။

ရှေးနှစ်ပေါင်းများစွာကပင် ရထားဆွဲပွဲကို တပို့တွဲလဆန်းတွင် ဆွဲကြပြီး တပို့တွဲလပြည့်ည ရောက်တိုင်း ရထားကို အနိုင်ရသည့်ဘက်က မီးရှို့လေ့ရှိကြသည်။ ရခိုင်ရိုးရာ ရထားဆွပြွဲကို ကျင်းပသည့်ရပ်ကွက်သည် (၃) နှစ်ဆက်တိုက် ကျင်းပရသည့် ဓလေ့ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ရခိုင်ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်သည့် မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းကြရပါမည်။ ၁၉၆၈ ခု၊ ပြည်ထောင်စုနေ့ပွဲတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု ရထားပန်းယိုင်ယိမ်းကို ကျောက်ဖြူမြို့နယ်မှ တင်ဆက်ခဲ့ဖူးပြီး၊ ရေးစပ်သူမှာ ဆရာကြီး ဦးလုံး ဖြစ်ပါသည်။
သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရခိုင်စာပေနဲ့ အရေးအသား

ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ်မသိ ရခိုင်နှင့်ညှိ တဲ့။ မြန်မာစာ အရေးအသားမှာ အပင့်အရစ်ဟာ ပြဿနာ ကြီးတရပ် ဖြစ်ခဲ့ပါတယ်၊ ဘယ်နေရာမှာ ယပင့်နဲ့ရေးမလဲ၊ ဘယ်နေရာမှာ ရရစ်နဲ့ရေးမလဲ၊ ကကြီးကို ယပင့်လဲ (ကျ)၊ ရရစ်လဲ (ကျ)၊ အသံချင်းက တူနေတော့ ဘယ်အဓိပ္ပါဆိုရင် ယပင့်၊ ဥပမာ ကျီးကန်းက ကျီးဆို ယပင့်၊ ပမာဏ ကြီးတာကိုပြတဲ့ကျီး(ကြီး)ကိုတော့ရရစ်၊ ယပင့်(ကျီး)နဲ့ ရရစ်(ကျီး)ကြီးမှာ မရှုပ်ထွေး လှပေမဲ့ တခြးတခြား အပင့်အရစ် ရေးရာမှာကျတော့ ရှုပ်ထွေးကုန်ပါ တယ်။
ကျေနပ်ကို ယပင့်နဲ့ရေးမလား ရရစ်နဲ့ရေးမလား၊ မျှော်လင့် ဆိုတာကို ယပင့်နဲ့ရေးမလား ရရစ်နဲ့ ရေးမလား၊ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းရယ်လို့ မပေါ်ပေါက်ခင်က ပညာ ရှင်တွေ အငြင်းပွားခဲ့ရတဲ့ ပြဿနာကြီးပါ၊ ပြီးတော့ အငြင်းစဲအောင်လို့ ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ် မသိ ရခိုင်နှင့်ညှိလို့ အမှာအထား ပေါ်လာတာပါ၊ ရခိုင်စကားမှာတော့ ယပင့်နှင့် ရရစ်ကို ခွဲခွဲခြားခြား အသံထွက်တတ်တော့ ဒီလိုပြဿနာ မရှိပါဘူး၊ နားနဲ့ကြားတဲ့(ကျား)ဆို ကြား။ တောထဲကကျား ဆို ကျား။ နံပါတ်ခြောက်ဆို(ခြောက်)။ ဂျောက်တွန်းတဲ့ချောက်ဆိုချောက်။ ရရစ်ဆိုလို့ကတော့ ရသံ အထင်အရှားနဲ့ အသံထွက်တတ်တာပါ၊ ရခိုင်ဒေသိယစကားဟာ ဗမာစကားရဲ့ ရှေးကရှိခဲ့ပြီး ပျောက် ကွယ်နေတဲ့ အထူးသဖြင့် ရသံကို ထိမ်းသိမ်းထားတဲ့ ဘာသာစကားလို့ ဆိုရပါလိမ့်မယ်။ ရသံ သတ် သတ်လောက်ကို ထိမ်းသိမ်းတာတော့ မဟုတ်ပါဘူး၊ ဗမာစကားမှာ ရှေးသုံးလို့ သတ်မှတ်ထားတဲ့ ပေါရဏ စကား တချို့ကိုလဲ ရခိုင်ဒေသိယစကားမှာ တွေ့နိုင်တာပါဘဲ၊ ဗမာစကားကို ထဲထဲဝင်ဝင် လေ့လာချင်ပြီဆိုရင် ရခိုင်ဘာသာစကားကို ဥပေက္ခာ ပြုထားလို့ မရပါဘူးရှင်၊ ရခိုင်တိုင်းရင်းသားတွေဟာ သမိုင်းအစဉ်အလာ ကြီးမားတဲ့ သူတွေပါ၊
ဓည၀တီခေတ် ဝေသာလီခေတ် မြောက်ဦးခေတ် ဆိုပြီး ရခိုင်သမိုင်း အခိုင်အမာရှိခဲ့ပါတယ်၊ ဓည၀တီခေတ်ဆိုတာက ခရစ်တော်မပေါ်မှီကာလကတည်းက ရှိခဲ့တာပါ၊ နောက်ဆုံး မြောက်ဦးခေတ်က AD ၁၇၈၀ ကျော်အထိ တည်ခဲ့တာပါ၊ ခေတ်အဆက်ဆက်ဟာ ခေတ်မှီကာမတ်တတ်ရယ်လို့ မဟုတ်ပါဘူး၊ ဓည၀တီခေတ် နောက်ပိုင်းမှာဆို ဗုဒ္ဓဘာသာလဲ စပြီးထွန်းကား ဒင်္ဂါးတွေထုတ်လုပ်ပြီး ငွေကြေးစနစ်လဲ တွင်ကျယ်နေခဲ့ပါပြီ၊ ဝေသာလီ လေးမြို့ခေတ် မှာတော့ ပြည်ပအနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေ ရှိခဲ့ပါပြီ၊ ငွေကြေးအဖြစ် ရွှေဒင်္ဂါး ငွေဒင်္ဂါးတွေ သုံးစွဲခဲ့ကြပြီလို့ဆိုပါတယ်၊ ရခိုင်မြို့ပြတွေ စည်ပင်ထွန်းကားခဲ့တဲ့ကာလပါရှင်။ AD ၁၅၀၀ ကျော်ဒုတိယ မြောက်ဦးခေတ်ကာလတော့ ရခိုင်ထီးနန်းအင်အား တောင့်တင်းခဲ့တဲ့ကာလပါ၊ ဘိုးတော် ဘုရားလက်ထက် ၁၇၈၄ ခု အိမ်ရှေ့မင်းက တိုက်ခိုက်သိမ်းသွင်းခံခဲ့ရတဲ့အထိပါဘဲရှင်၊ ကိုယ့်ထီး ကိုယ့် နန်း ကိုယ့်ကျငှန်းနဲ့ တင့်တင့်တယ်တယ် နေနိုင်ခဲ့တော့ ရခိုင်စာပေ ထွန်းကားခဲ့ပုံက အံ့မခမ်းလို့ ဆိုရပါ လိမ့်မယ်။ BC ခြောက်ရာစု လောက်ကရေးခဲ့တယ်လို့ ယူဆရတဲ့ဗြဟ္မီအက္ခရာ အပါအ၀င် ရှေးကျတဲ့ အက္ခရာတွေနဲ့ ရေးထားတဲ့ ကျောက်စာတွေကို ရခိုင်ဒေသမှာ အများအပြား တွေ့ရပါတယ်။ ကျောက် စာတွေတင် မဟုတ်ပါဘူး ဝေသာလီခေတ်မှာကတည်းက သက္ကတကနေ ရခိုင်ဘာသာကို ပြန်ဆိုထား တဲ့ ကျမ်းတွေ ပေါ်ထွန်းခဲ့ပြီလို့ဆိုပါတယ်၊ ကျမ္မရာဇ်မင်းကြီးဝတ္ထုတို့၊ မနုဓမ္မသတ်တို့လို စာမျိုး၊ ဂေါတမ ပူရမ်လို နက္ခတ်ကျမ်းတို့တွေပါ၊ ကဗျာလင်္ကာဘက်ကို ကြည့်ပြန်ရင်လဲ ရခိုင်ဒေသဟာ အလင်္ကာ ဒေသ လို့တောင် ဆိုနိုင်လောက်ပါတယ်၊ ကဗျာလင်္ကာ ပေါ်ထွန်းခဲ့တဲ့ ကာလကလဲစော ကဗျာအရည် အသွေးကလဲ ပြောစမှတ်ပြုစရာပါ၊ ပုဂံထီးနန်းဆိုတာ ဘယ်မှာနေမှန်း မသိသေးတဲ့အချိန်၊ AD ခြောက် ရာစု လေးမြို့ခေတ်မှာ ရခိုင်ဘက်မှာက ကဗျာလင်္ကာသံကို ကြားနေရပါပြီ၊ ရေးဖွဲ့သူက အိမ်ရှေ့စံ မိဖုရား စောပြည့်ညို၊ သု့ရဲ့နာမည်ကြီးကဗျာက သိမ်ကံမိန်တွင်၊ အစချီတဲ့ အလွမ်းရတု၊ စပ်နည်းရော အတွေးရော အဆင့်အတန်း မြင့်လှတယ်လို့ ဖတ်ရသူအများ လေးစားရတဲ့စာပါရှင်။ နောက်တော့ AD ၇၈၆ ခု မှာရေးတယ်လို့ အမှတ်အသားရှိတဲ့ အမတ်ကြီး ဓမ္မဇေယျရဲ့ ဗျဉ်းသုံးဆယ့်သုံးလုံး လှေတော်သံ၊ ကကြီး အစ အ အဆုံး အက္ခရာတွေကို ညွှန်းညွှန်းပြီး ဖွဲ့ထားတဲ့ ကဗျာပါ၊ ပုဂံခေတ်က အနန္ဒသူရိယရဲ့ သူတည်းတယောက် ကောင်းဖို့ရောက်မူ ကဗျာဟာ သူ့ခေတ်သူ့အခါ ဘာသာစာပေ ထွန်းကားမှု အဆင့်နဲ့ ယှဉ်တွယ်ရင် ပုဂံခေတ် လက်ရာ မဟုတ်နိုင်ဘူးလို့ ကောက်ချက်ချကြတဲ့ ပညာရှိများဟာ ပုဂံခေတ်မတိုင်မှီ ကတဲက ပေါ်ထွန်းတယ်လို့ အမှတ်အသားရှိတဲ့ ရခိုင့်ကဗျာတွေကို ဆင်ခြင်စဉ်းစား သင့်လှပါတယ်ရှင်၊ ကဗျာလင်္ကာအရာမှာ ရခိုင်တိုင်းရင်းသားတွေ ဗမာတွေထက် အယင်ကျပုံကို နောက်သာဓကတရပ် ရှိပါသေးတယ်။ အဲဒါက မြန်မာဘက်မှာလဲ ထွန်းကားတဲ့ ဧချင်း ကဗျာပါ။ ဧချင်း ကဗျက ဘုရင့်သားတော် သမီးတော်တွေ အိပ်စက်တဲ့အခါ ဆိုရလျှောက်ရတဲ့ ကဗျာတမျိုးပါဘဲ၊ ဒီဧချင်းကဗျာလောကမှာ ဘယ်ဧချင်းကဗျာ အစောဆုံးလဲ ကြည့်ပြန်ရင် ရခိုင်မင်း ဘစောဖြူရဲ့သမီး မောက်တော်မင်းသမီးအတွက် ဖဒူမင်းညို ရေးသားတဲ့ ရခိုင်မင်းသမီးဧချင်းပါဘဲ၊ ဒါကိုကြည့်ရင် မင်းသားငယ် မင်းသမီးငယ် တွေအတွက် ဧချင်း ရေးတဲ့အစဉ်အလာကို ရခိုင်စာဆိုတွေက ဦးဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်၊ ရခိုင်စာဆိုတွေထဲမှာ နောက်ထင်ရှားတဲ့ စာဆိုတဦးက ဥက္ကာပျံပါ။ ခရစ်နှစ် ၁၅၀၀ ကျော် ၁၆၀၀ လောက်မှာ ရခိုင်ဘုရင် မင်းခမောင်း ဟံသာဝတီကို ရောက်နေပါတယ်၊ ဘုရင်နဲ့ပါလာတဲ့ အမတ်ကြီး ဥက္ကာပျံက ရခိုင်ကို လွမ်းလှပါပြီ ပြန်ချင်လှပါပြီ၊ ဒီမှာတင် ကိုယ့်ဘုရင် ရခိုင်ကို ခြေဦးပြန်လှည့်ဘို့ ဆယ့်နှစ်ရာသီဘွဲ့ ကဗျာကြီးကို ရေးပါတယ်၊ ဒီကဗျာဟာလဲ ပညာရှင်တွေ တလေးတစား ချီးကျူးရတဲ့ ကဗျာပါ၊ ကဗျာလင်္ကာနဲ့ ပတ်သက်လာရင် ရှေးတန်းရောက်နေတာဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ကဗျာလင်္ကာ ဗီဇကြောင့်လို့ ဆိုရင် မမှားနိုင်ပါဘူး၊ ရခိုင်တ်ုင်းရင်းသားတွေက အရေးအခင်း ထူးထူး ခြားခြားရှိတိုင်း ကဗျာမပါရင် ပြီးမှမပြီးတာ လှေလှော်ထွက်ရင် ကဗျာနဲ့ ဘုရားပွဲရှိရင် ကဗျာနဲ့ အလှူ မင်္ဂလာပွဲမှာ ကဗျာနဲ့ ကဗျာနဲ့ ကင်းခဲပါတယ်ရှင်၊ ဒါကြောင့်လဲ လှေတော်သံကဗျာ ပုခက်လွှဲသားချော့ ကဗျာတို့ သာခြင်းတို့ တပို့တွဲလ ကောက်ရီတ်အပြီး သီကြဆိုကြတဲ့ သံချပ်တို့ ပုဂ္ဂိုလ်တဦးဦးရဲ့ အတ္ထု ပတ္တိကို ဖွဲ့တဲ့ ဘွဲ့ကဗျာတို့ ကဗျာလင်္ကာ အဖွဲ့အမျီုးမျိုး တွေ့နိုင်ပါတယ်။ အဆုံးစွာ အစီရင်ခံရရင် ဗမာကဗျာမှာ မတွေ့ရတဲ့ သခွားသီးအဖွဲ့ကဗျာမျိုးကိုတောင် တွေ့ရပါတယ်ရှင်၊ ကဗျာလင်္ကာ ဘက်မှာ သာ မဟုတ်ပါဘူး၊ စကားပြေ ထဲမှာဆိုရင်လဲ ကျောက်စာ ရာဇ၀င် လျှောက်ထုံး ပုံပြင် ၀တ္ထု စသဖြင့် ပေါပေါကြွယ်ကြွယ် ရှိလှတဲ့ ရခိုင်စာပေပါ၊
ဒီလိုအဆင့်အတန်း မြင့်တဲ့ တိုင်းရင်းသား ဘာသာစာပေကို မြှင့်တင်ဘို့အလုပ်ဟာ မြန်မာတိုင်းရင်းသားတိုင်း တာဝန်တရပ်ပါဘဲ၊ မြန်မာစာ လေ့လာရေးမှာ ဗမာစာ ဗမာစကား သက်သက်ကိုသာမဟုတ်ဘဲ တိုင်းရင်းဘာသာစာပေတွေကိုပါ လေ့လာဘို့ အခွင့်အလမ်း ဖန်တီးနိုင်ရင် ကောင်းလေစွလို့ အောက်မေ့ မိပါတယ်ရှင်။ စာပေမြင့်ပြီး လူမျိုးတင့်ပါစေ။
RFA မှထုတ်လွင့်ချက် ကိုအများသိရန်ခံစားတင်ပြသည်
ထုက္ကန့်သိမ် ( ခရီသွား ဓါတ်ပုံဆောင်းပါး)

ထုက္ကန့်သိမ်တော်ကြီး ဟာ ရခိုင်ပြည်နယ် မြောက်ဦး မြို့မှာတည်ရှိပါတယ်။ ရခိုင်ဘုရင် မင်းဖလောင်း က AD 1571 မှာ ခရုပတ်ပုံတည်ခဲ့ပါတယ်။ သိမ်တော်ကြီးကို
တောင်ကမူပေါ်မှာတည်ထား လို့ တစ်ခုတည်းသောဝင်ပေါက် ဆီကို အုတ်လှေကား အရှည်ကြီးကနေ တက်ရပါတယ်။သိမ်တော်ကြီးမှာ တောင် မြောက် ၁၁၀ ပေ
အရှေ့ နောက် ၁၃၇ ပေရှည်ပါတယ်။ အလယ်စေတီမှာ ပုံမှာမြင်ရတဲ့အတိုင်း သပိတ်မှောက်ပေါ်မှာ ကုဗပုံဓါတ်တော်တိုက် ဆင့်ထားပါတယ်။ အလယ်စေတီကြီးရဲ့
အရပ်လေးမျက်နှာမှာ စေတီတစ်ဆူစီရံထားပါတယ်။ သိမ်ရဲ့အနောက်ဖက်မှာတော့ ဥပုဒ်ဆောင် ဆောက်ထားပြီး အဲဒီကမှတဆင့် သိမ်အမိုးပေါ်ကိုတက်လို့ရပါတယ်။
ပင်မသိမ် မှာခရုပတ် လို ရစ်ပြီးတက်ရတဲ့ လမ်းနှစ်ခုရှိပါတယ် ၊ အဲ့ဒိ ပတ်လမ်းနံရံ တလျှောက်မှာတော့ ဂူကျောင်းငယ် ၁၄၆ကျောင်း ရှိပြီး ဗုဒ္ဓဆင်းတု
ုတော်များစံပယ်နေကြပါတယ်။ နံရံများမှာတော့ မြောက်ဦး အမျိုးသမီးများ ၀တ်စားဆင်ယင်ပုံ ၊ ဆံထုံး ထုံးပုံ ၊ တခြားလက်ရာမြောက်တဲ့ မြောက်ဦး ကျောက်ထု
ပန်းပုများကို တွေ့ရှိနိုင်ပါတယ်။
ရခိုင်ပြည်နယ်တွင် ဓည၀တီခေတ် ၊ ဝေသာလီခေတ် ၊ လေးမြို့ခေတ် ၊ မြောက်ဦးခေတ် ဆိုပြီး ခေတ် ကြီးလေးခေတ် ကို
မင်းပေါင်း၂၃၂ မင်းမှ နှစ်ပေါင်း ၅၀၈၄ နှစ် နန်းစိုက်ခဲ့ကြပါတယ်။ကြီးကြယ်ခမ်းနားတဲ့ နန်းတော်ကြီးများ ၊ ကျောက်လှေကားနှင့်ပြုလုပ်ထားတဲ့ သင်္ဘောဆိပ်ကြီး ရှိခဲ့ပါတယ်( ယခုအထိတိုင် အကျွင်းအကျန်များကို မြင်တွေနိုင်ပါသေးတယ်) တစ်နှစ်အတွင်း နိုင်ငံခြား ပင်လယ်ကူးသင်္ဘောကြီးများ ရာချီဆိုက်ကပ်ခဲ့ကြပါတယ်။

အာရပ် ၊ အန္ဒိယ ၊ ပေါ်တူကီ ၊ဒပ်ခ်ျ၊တရုပ်လူမျိုးများဝင်တွက်ကူးသန်းရောင်းဝယ်ခဲ့ကြတယ်။
အဲဒိအချိန်တုန်းကဘင်္ဂလားပင်လယ်အော်မှာကြီးစိုးနေတဲ့ ပေါ်တူဂီပင်လယ်ဒမြ ရေတပ်ကြီးကို အင်္ဂလိပ်ရေတပ် မခြေမှုန်းနိုင်ခဲ့ပေမဲ့ ရခိုင်ဘုရင် မင်းဗာကြီး က AD1535ခုနှစ်တွင်ရခိုင်ရေတပ်မတော်ကြီးမှအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်။ အောင်မြင်တဲ့အထိမ်းအမှတ် အနေနဲ့သျှစ်သောင်းပုထိုးတော်ကြီးကိုတယ်ခဲ့ပါတယ်။ရခိုင်ဘုရင်မင်းရဲ့ ရေတပ်မတော်ကြီးဟာသီရိလင်္ကာ နိုင်ငံ ဆီ သို့ချစ်ကြည်ရေး ထွက်ခဲ့ပါတယ်။ အဲဒိ အချိန်တုန်းက ရခိုင်ဘုရင်များက သက်တော်စောင့် အဖြစ် ဂျပန် ဆာမူရိုင်း ကြေးစား ဓါးသမားများကို
ငှါးရမ်းလေ့ရှိကြပါတယ်။ ယခုအခါမှာတော့ ရခိုင်ပြည်ကြီး ဟာ ရခိုင်ပြည်နယ် အဖြစ် ပြည်ထောင်စု သမတနိုင်ငံတော်အတွင်းမှာ ရပ်တည်နေပါတယ်။

ဒီပုံကို NIKON 70 CAMERA , KODAK 200 ASA FILM , NIKON 300 mm TELE ZOOM LENS ကိုအသုံးပြုပြီး သိမ်တော်ကြီးနဲ့
မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်ကနေ 2002 January ကရိုက်ခဲ့ပါတယ်။

“ခရီးများများသွားပါ မသွားနိုင်ရင် စာများများ ဖတ်ပါ”
မောင်မောင်လတ်(ချစ်ညို)
ကိုးကား = ဧည့်လမ်းညွှန်နှင့်ဝန်ဆောင်မှု အတတ်ပညာ (တင်သန်းယု) ၊ ရခိုင်သုတပဒေသာ။

By: မန္တလေးဓါတ်ပုံအသင်း
ရခိုင်သမိုင်းဆရာကြီး ဥူံးသာထွန်း ထေရုပတ္တိ.....
.ဦးဦးသာထွန်း
ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ွ့ကဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦးတည်းသောသား ဖြစ်သည်။ ငယ်စဉ်မှ စ၍ အဘိုးဖြစ်သူ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြားနေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။
၁၉၅ဝ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိ မူလတန်း ကျောင်းဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး၊ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် ရခိုင် မြန်မာ ပဏ္ဍိတ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦး ရှေးဟောင်း သုတေသန ပြတိုက်ကြီးသည် ဆရာကြီး စုဆောင်း တည်ဆောက်ခဲ့သော ပြတိုက်ကြီး ဖြစ်သည်။
၁၉၇၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၈ဝ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ တူးဖော်ခဲ့သော ရခိုင် ဝေသာလီမြို့ဟောင်း တူးဖော်မှု လုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် တူးဖော် ဆောင်ရွက်ခဲ့သည်။
မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃ဝ၁ ခုနှစ် ပုံနှိပ်)၊ ဦးရာဇ် တောင် ဘုရား သမိုင်းကျမ်း ပြင်ဆင် ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂ - ၅၃)၊ ရက္ခိုင် အမျိုးသမီး သူရဲကောင်း အတ္ထုပတ္တိ (၁၉၅၃ - ၅၄) (ပုံနှိပ်)၊ ရက္ခိုင် ရာဇဝင် သင်္သေပကျမ်း (၁၉၅၄ - ၅၅) ပုံနှိပ်၊ ဝသဲ ဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ် ဘုရားသမိုင်း (ပုံနှိပ်) များအား ပုံနှိပ် ထုတ်ဝေခဲ့သည်။ ရက္ခိုင် ကဗျာပေါင်းချုပ်၊ ရက္ခိုင် ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင် ဓာတ်တော်ဘုရား စေတီများနှင့် မြောက်ဦးမြို့ တန်းခိုးကြီး ဘုရားများ၊ သမိုင်း ကျမ်းစာများကို ရေးသား ပြုစုပြီး ဘဏ္ဍာရေး ဝန်ကြီး ဆာဦးထွန်းအောင်ကျော် ထံတွင် အပ်ခဲ့သည်။
အံတော်သိမ် ဘုရားသမိုင်းကျမ်း၊ သဲထက် ဘုရားသမိုင်း၊ ထီးတော်မိုး ဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီ ဘုရားကြီးသမိုင်း၊ သိမ်တော်ကြီး ဘုရားသမိုင်း၊ မဟာထီး ဘုရားသမိုင်း၊ ပါးတော် ဘုရားသမိုင်း၊ ဘုရားပေါ် ဘုရားသမိုင်း၊ သျှစ်သောင်း ဘုရားသမိုင်း၊ မင်္ဂလာ ဓာတ်ရွှေကူ ဘုရားသမိုင်းများကို လင်္ကာ စကားပြေ မော်ကွန်း စသည့်တို့ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။
ဓညဝတီ မဂ္ဂင်း စာတည်း၊ အယ်ဒီတာ အဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သည်။ ဓညဝတီ စာစောင်၊ ဓညဝတီ မဂ္ဂဇင်း၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း၊ မန္ဈလေး ပြည်သူ့ဂျာနယ်၊ ရန်ကုန် မဂ္ဂဇင်း၊ စုံထောက် မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရခိုင် မဂ္ဂဇင်း၊ စစ်တွေ ကောလိပ် မဂ္ဂဇင်း၊ ရခိုင် ပြည်နယ် စာစောင်၊ ဝရာဇ်မြေ မဂ္ဂဇင်းများတွင် ဦးဦးသာထွန်း၊ ဦးသူရိယ အစရှိသော ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။
မြို့စောင့်နတ် ဒေဝတာဗလီ ပူဇော်ကျမ်း၊ အဉ္ဇန နိဒါန်း ဆေးကျမ်း၊ ရခိုင်စည် ပြုလုပ်ပုံနှင့် တီးကွက်၊ တီးလုံးများ၊ ကဗျာများ စုပေါင်း စာတမ်း၊ ရခိုင် ထိမ်းမြားမင်္ဂလာ ပန်းတျား တီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ ရခိုင် သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပာယ်ထွက်ပုံ စာတမ်း၊ ရခိုင်ပလွီ (ြွ့ပီ) အမျိုးမျိုး ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက် အက၊ တေးခြင်းကဗျာ စသည်တို့ကို ရေးသား ပြုစုခဲ့သည်။
ဆင်ယင် ထုံးဖွဲ့မှုကျမ်း (မူကြမ်း)၊ ရခိုင် ရာဇဝင် (မူကြမ်း)၊ ရခိုင်အက္ခ ဆင်းသက်လာပုံကျမ်း (မူကြမ်း)၊ ရခိုင် ကျောက်စာ ပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရခိုင်ဘုရင် သမိုင်းကျမ်း (မူကြမ်း)၊ ရခိုင်သား ဒေါင်းမာတင် (မူကြမ်း)၊ သျှင်ဦးမြဝါကျမ်း (မူကြမ်း)၊ ရခိုင်မင်းသမီး ဧခြင်း ရှင်းလင်းချက် (မူကြမ်း)၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရီ မောပဗ္ဗတ တောင်ခြေရင်းမှ တွေ့ခဲ့ရသော ကျောက်ဆစ်လက်ရာများ သုတေသနပြုချက် (မူကြမ်း) စသည်တို့ကို ရေးသား ပြုစုခဲ့သည်။
သြစတြေးလျနိုင်ငံ အမျိုးသား တက္ကသိုလ် သုတေသီ PAMELA GUTMAN ၏ ANCIENT ARAKAN ကျမ်း ပြုစုစဉ်တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ ပါမောက္ခ ရောဖတ်ဆာဗ်ရ် (BERNOT) အတွက် ရခိုင်ပုံပြင် လိပ်ကန်ဖာမ ဝတ္ထုနှင့် ကျီးဖြူရွာ စာတမ်းများကို လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်န်အိုကဲလ်ဖို့၏ စေတီ အဆောက်အအုံနှင့် နန်း အဆောက်အအုံ စာတမ်းကို လည်းကောင်း၊ အမေရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေးဗစ်စတိမ်းဗာစ်၏ ဝေသာလီ ကျောက်ရုပ်တု ဆင်းတုများ၏ နှစ်ပေါင်း ကြာညောင်းမှုအား တိုင်းတာမှု စာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခ အိုနို တိုရရူနှင့် ရခိုင် စကားပြော လေယူလေသိမ်း အသံထွက်ပုံ စာတမ်းနှင့် ဘောင်းဒွတ် အရပ်တွင် ရှိသော ဒတ်ခ်ျ ကောင်ဆယ်လာ အဆောက်အအုံ ပုံစံနှင့် ကူးသန်း ရောင်းဝယ်ခဲ့ပုံ စာတမ်းကို လည်းကောင်း ရေးသား ပြုစုရာတွင် ကူညီခဲ့သည်။
နိုင်ငံတော် အစိုးရ ယဉ်ကျေးမှု ဌာနနှင့် အခြား ပုဂ္ဂိုလ်တို့ကိုလည်း ဆရာကြီးသည် ကူညီပေးခဲ့သည်။ ဦးမင်းနိုင်၏ ပြည်ထောင်စု အကပဒေသာ စာအုပ် (၁၉၅၉)၊ ရခိုင် တိုင်းရင်းသား လူမျိုး ဖြစ်စဉ်နှင့် ဓလေ့ထုံးစံများ စာအုပ်၊ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာ စည်တော်နှင့် တူရိယာ တီးကွက်များ စာတမ်း၊ မြန်မာ ဝေါဟာရ အဘိဓာန်ကျမ်း ပြုစုစဉ် ဝေါဟာရ စာလုံးများ ပြုစုပြီး ပေးပို့ခြင်း၊ ရခိုင် ဝေါဟာရ အဘိဓာန် ပြုစုစဉ် ဝေါဟာရ စာလုံးများနှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ကျမ်း ကိုးကားချက်များ စာအုပ် ပြုစုခြင်း၊ ၁၉၇၆ - ၇၇ ခု ရခိုင်ပြည်နယ်နေ့၊ ရခိုင်ပြည်နယ်၊ တံဆိပ်၊ ရခိုင်ရိုးရာ ကျား/မ ဝတ်စုံ စာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန် စသည်တို့ကို ပါဝင် ကူညီ ရေးသား ပြုစုခဲ့သည်။
အထက်တန်း ပညာ ဦးစီးဌာန ညွှန်ချုပ် (ငြိမ်း) ပါမောက္ခ ဦးစံသာအောင် အတွက်လည်း ၁၉၇၂ ခု အဘိဓမ္မာ ကောက်နုတ်ချက် ပုရပိုက်ကို မိုက်ခရိုဖလင် ရိုက်နှိပ်ရန် အတွက် လည်းကောင်း၊ ဂဝိကဏ္ဍ ပါသဏကျမ်း ပေမူကို မိုက်ခရိုဖလင် ရိုက်နိုင်ရန် လည်းကောင်း၊ လျှိုဝှက်ကျောက်စာ ဂဏန်းရေးနည်း ပေမူကို မိုက်ကရိုဖလင် ရိုက်ရန် လည်းကောင်း၊ အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီက ရခိုင်ပြည်နယ်သုံး အက္ခရာစာအုပ် ပြုစုရာတွင် လည်းကောင်း၊ အနန္ဒစန္ဒြား ၈ ရာစု ရခိုင် ဝေသာလီ စာအုပ် ပြုစုရာတွင် လည်းကောင်း၊ ရခိုင်ဒင်္ဂါးများ သမိုင်း ပြုစုရာတွင် လည်းကောင်း၊ ဗုဒ္ဓ အနုပညာ (Buddhist Art of Ancient Arakan) စာအုပ်ပြုစုရာတွင် လည်းကောင်း ပါဝင် ကူညီခဲ့သည်။
၁၉၅၉ ခုနှစ်မှာ မြန်မာ့ အသံ ရေဒီယိုမှ ရခိုင်အသံကို အစဆုံး အသံလွှင့်ခဲ့သည်။ တိမ်မြုပ် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သော ရခိုင်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာများအား ကမ္ဘာက သိအောင် ရှာဖွေစုဆောင်း လေ့လာ ဖော်ထုတ်ခဲ့သည်။ ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ ရခိုင်သူ၊ ရခိုင်သားများကိုလည်း ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ ဖော်ထုတ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်လည်း အမြဲ ဆော်သြခဲ့သည်။
ဆရာကြီး သည် ရခိုင့် ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင့်ရိုးရာ ထုံးထမ်းစဉ်လာများကို ဖော်ထုတ်ခဲ့သော ဖခင်ကြီး ဖြစ်သည်။
ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ ရရှိရေး၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေး အတွက်လည်း စွမ်းစွမ်းတမံ ရှေ့တန်းမှ ဦးဆောင်ဦးရွက် ဆောင်ရွက်ခဲ့သည်။ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တွင် နာယကကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်သည်။ ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ် အဖြစ် အနယ်နယ် အရပ်ရပ်သို့ မဲဆွယ် တရားဟော ထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်း ကျေးရွာ မဲဆွယ် တရားဟောပွဲတွင် တရားဟော နေစဉ် ဖမ်းဆီးခံရပြီး ထောင်သွင်း အကျဉ်းချ ခံခဲ့ရသည်။
ဆရာကြီးအား အမျိုးသားရေး တရားဟောသည် စသည်ဖြင့် အမျိုးမျိုး စွဲချက်တင်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ နဝတ/ နအဖ စစ်အစိုးရ၏ တိုင်းပြည်အပေါ် မတရား စော်ကားမှုများကို ဆရာကြီး၏ အချက်ကျကျ ဝေဖန် ဟောပြောမှုများကြောင့် နဝတ/ နအဖ စစ်ဝါဒီများ၊ ဗမာ လူမျိုးကြီး ဝါဒီများအား အနာပေါ် တုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခဲ့သည်။ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ သြဂုတ် ၁၄ တွင် ကွယ်လွန်ခဲ့သည်။ (ထောင်ထဲတွင် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစ ရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့စဉ်လိုလို အနည်းငယ် ထည့်ကျွေး လုပ်ကြံခဲ့သည်ဟု ရခိုင် အမျိုးသားများက ယုံကြည်နေကြသည်။)။ သို့သော်လည်း နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီး သေဆုံးရခြင်းသည် ဦးခေါင်းတွင် သွေးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆေးရုံတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။
ဆရာကြီး၏ အလောင်းကို သူ၏ဇာတိ ချက်ကြွီ မြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီး အလွန် တန်ဖိုးထားခဲ့သော ရန်အောင်ဇေယျ (ခေါ် ) သျှစ်သောင်း ပုထိုးတော်ကြီး ဘုရားရိပ်တွင် မြေမြှုပ် သင်္ဂြိုဟ်ခဲ့သည်။
မြောက်ဦး

ရခိုင်ပြည်နယ်
ရှေးရခိုင်မင်းဆက်၏ မြောက်ဦးခေတ်ကာလသည် ၁၄၃၀ မှ ၁၇၈၄ အထိ နှစ်ပေါင်း ၃၅၄နှစ်ရှည်ကြာခဲ့သည်။ ထိုကာလမှာ ရခိုင် မင်းဆက်၏ ကြီးကျယ်ခမ်းနားပြီးဂုဏ်ရောင်ပြောင်သော ရွှေထီးဆောင်း နောက်ဆုံးကာလဖြစ်ခဲ့၍ ယနေ့ထိ ရခိုင်လူမျိုးတိုင်းအတွက် ဂုဏ်ယူစရာကောင်းနေဆဲဖြစ်သည်။
မြောက်ဦးတွင် နေထိုင်ခဲ့ပြီး နန်းတော်အတွင်းဝင်ရောက်ခွင့်ရခဲ့ သော ပေါ်တူဂီဘုန်းတော်ကြီးဖာသာမန်ရီကွိက မြောက်ဦးအကြောင်းကို သူ၏(၁၇)ရာစုမှတ်တမ်းများတွင်အထူးရေးသားဖော်ပြခဲ့သည်။ အံ့ဘွယ် ကောင်းအောင် ကြီးကျယ်ခမ်းနားသည့် ရွှေနန်းတော်များနှင့် ရခိုင်လူမျိုးတို့၏လှပသောအိမ်များ အကြောင်းကို အသေးစိတ်ဖော်ပြခဲ့သည်။ သူက အခန်းတွေကို စန္ဒကူးသားတို့လို မွှေးကြိုင်ရနံ့သင်းတဲ့ သစ်သားတွေနဲ့ ဆောက်လုပ်ခဲ့ကြတယ်။ ခန်းမဆောင်တွေမှာ ရွှေသားစစ်စစ်နဲ့လုပ်ထားတဲ့ အမွမ်းအမံတွေနဲ့ အလှဆင်ထားတဲ့ ခေါင်မိုးတွေရှိပြီးရွှေနဲ့ လုပ်ထားတဲ့ ရွှေဖရုံသီးတွေက စပိန်အလေးချိန်ပေါင်လေးဆယ်လောက်ရှိတယ်” ဟု ရေး သားခဲ့သည်။
“သိပ်ချမ်းသာတဲ့ လူတွေရဲ့အိမ်မှာရွှေသားစစ်စစ်နဲ့ ထုလုပ်ထားတဲ့ ရုပ်ထုခုနစ်ရုပ်ရှိပြီး အရွယ်အစားနဲ့ အမျိုးအစားက သာမန် လူတစ်ယောက်ခန့်ရှိတယ်၊ အတွင်းမှာ အခေါင်းဖြစ်ပေမယ့် အထူ နှစ်လက်မ လောက်ရှိတယ်၊ ရုပ်ထုတွေရဲ့ နဖူးရင်ဘတ်၊ လက်မောင်းနဲ့ လက်ကောက်ဝတ်တွေမှာ အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ၊ ပတ္တမြား တွေ၊ ကျောက်စိမ်းတွေနဲ့ နီလာကျောက်တွေအပြင် သာမန်ထက် ကြီးမားတဲ့ ရှေးစိန်တွေနဲ့ တောက်ပစွာအလှဆင်ထားတယ်”။
ရှေးဟောင်းရတနာများအကြောင်းကိုလည်း ရေးသားခဲ့ရာမှာ “ကျောက်မျက်ရတနာတွေက သာမန်နဲ့ မတူဘဲ ထူးကဲတဲ့အရွယ်အစားများ ရှိကြောင်း ၊ ရွှေနဲ့ပြုလုပ်ထားတဲ့ ကြုတ်ထဲမှာ ပြိုးပြိုးလက်တောက်ပလျက်ရှိကြောင်း၊ ရွှေခွက် ထဲမှာ ပတ္တမြားနားဒေါင်းတစ်စုံရှိပြီး နောက်တစ်ခါမှာ သီရိသုဓမ္မဘုရင်က သူ့ရဲ့ရာဇာဘိသိတ်ခံယူပွဲမှာ ၀တ်ဆင် ထားသည်ကို မြင်တွေ့ခဲ့ရကြောင်း”ဖော်ပြထားပါသည်။ ပုံသဏ္ဍန်ကိုဖော်ပြရာတွင် လေးမြှောင့်ပုံနှင့် ပိရမစ်သုံးထောင်ချွန်ပုံ ဖြစ်သည်။ အရှည်အားဖြင့် လက် သန်းခန့်ရှိပြီး ဘေးပတ်လည်မှာ ကြက်ဥအောက်ခံအရွယ်ခန့် ရှိကြောင်း ဖော် ပြထားသည်။ နန်းတက်ပွဲတွင် သီရိသုဓမ္မဘုရင်က အဆိုပါနားဒေါင်းကို သူ၏နားပေါက်ကျယ်တွင် ဆင်မြန်းထားပြီး ဘုရင်၏ ရာဇပလ’င်မှာလည်း အဖိုးတန် ကျောက်မျက်ရတနာများနှင့် ပုလဲများဖြင့် လှပစွာ မွမ်းမံထားသည်။
မြောက်ဦးမြို့တော်တွင် ကြီးကျယ်ခမ်းနားသော နန်းတော် ဆောင်များရှိခဲ့ပြီး ၄င်းတို့ကိုကျုံးများဖြင့် ၀န်းရံထား၍ ခိုင်ခံ့သော ခံတပ်ကြီးများ သဖွယ်တည်ဆောက်ထားသည်။ ကျုံးအတွင်းရေများကို အချိန်တိုအတွင်း ပြည့်သွားစေနိုင် သကဲ့သို့ ရွံ့များဖြင့်လည်းချဉ်းကပ်ဝင်ရန် ကြိုးစားသောရန်သူများနှင့်ဆင်များကို တားဆီးကာကွယ်နိုင်သည်။ လယ်ယာ များသို့ ရေပေးသောစနစ်များကောင်းမွန်သဖြင့် ကောက်ပဲ သီးနှံများအတွက် ကောင်းပြီးသာယာဝပြောခဲ့သည်။ ဒေသဆိုင်ရာ သမိုင်း ၀င်မှတ်တမ်းများအရ ကြီးမားသောစပါးကျီကြီး ၄၁ ကျီ ရှိခဲ့ဖူးကြောင်း သိရှိ ရသည်။
ယခုအခါ မြို့ရိုးများ၊ ကျုံးများနှင့် နန်းတော်နေရာများ၏အစိတ်အပိုင်းအကြင်းအကျန်များကိုသာ မြင်တွေ့ နိုင်တော့သည်။ ကြီးကျယ်ခမ်းနားလှသော ဘုရားများ နှင့်တန်ဆောင်များသာလျှင် မပျက်မစီးဘဲကျန်ရစ်သည်။တချို့သော ဘုရားများနှင့်တန်ဆောင်းများသည် ဘာသာရေး၏အမှတ် သင်္ကေတများအဖြစ်သာမက ယဉ်ကျေးမှုအမွေအနှစ်ပြတိုက်များ အဖြစ် တွေ့ မြင်နိုင်ဆဲပင်ဖြစ်သည်။
မြောက်ဦးမြို့တော်တွင်ရှိသော ကြီးမားသည့်ဘုရားများနှင့် တန် ဆောင်းများသည် တခြားနေရာဒေသများမှ ဗိသုကာလက်ရာများနှင့် လုံးဝ ကွဲပြားခြားနားသည်။ အဆိုပါသာသနိကအဆောက်အအုံများသည် ရှေးရခိုင်လူမျိုးတို့၏ ဘာသာတရားပေါ်ကိုင်းရှိုင်းမှုနှင့် ၄င်းတို့၏ ယဉ်ကျေးမှု ကိုပြသနေခြင်းပင်ဖြစ်သည်။ ရှေးဟောင်းဘုရားတန်ဆောင်များကို မပျောက်မပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ် ရိုးရာ မပျက်ဘုရားပွဲများကို ကျင်းပကြတယ်။ ကြီးမားသော ကျောက်တုံးကြီး များကို ထွင်းပြီးထုဆစ်ထားသည့် ဗုဒ္ဓဆင်းတုတော်ကြီးများ မြောက်များစွာရှိ သည်။ ၄င်းတို့အနက် ဆွဲဆောင်မှု အကောင်းဆုံးမှာ အလယ်မှနက်ရှိုင်းသော နေရာသို့သွားနိုင်သည့် စင်္ကြန်များပါရှိသော ကြီးမားသည့်သိမ်တော်ကြီးများ ဖြစ်ကြသည်။
ထုကံ္ကန့်သိမ်(၁၅၁၇ ခုနစ်တွင် ဘုရင်မင်းပလောင် စတင် တည်ဆောက်ခဲ့သည်) မြောက်ဦးမြို့၏ ရှေးဟောင်း သိမ်တော်ကြီးဖြစ်သည်။ ၄င်းသည် ကြီးမားသောနံရံများ နှင့် ဂူကဲ့သို့သော အဆောက်အဦးဖြစ်သည်။ ရှည်လျားပြီး ခွေရစ်နေသော စင်္ကြန်လမ်းများအတွင်းသွားလျှင် အတွင်းသို့ ရောက်ရှိသွားပြီး ထိုနေရာများသည် မဲမှောင်နေရမည် ဖြစ်သော်လည်း၊ အတွင်းသို့ အလင်းရောင်ဖျဖျဝင်လာစေရန် ပြတင်းပေါက်များကို ဗိသုကာ ပညာ လက်ရာမြောက်စွာ ဖောက်လုပ်ထားသည်။ အပေါ်အမြင့်ဆုံးနေရာတွင် ခေါင်းလောင်းပုံ သဏ္ဍန်အမိုးခုံးရှိပြီး ၄င်းတွင်ကြီးမားသောအပေါက်ကြီး တစ်ခုရှိနေသဖြင့် သိမ်၏အလယ်သို့ အလင်းရောင်ကောင်းစွာရရှိစေသည်။
စင်္ကြန်တလျှောက်ဘေးဘက်များတွင် ရခိုင်အမျိုးသမီးများ၏ဆံပင်ပုံစံ ၆၄မျိုးကို နံရံပေါ်တွင်ထုဆစ်ထားရာ အဆင့်အတန်း အလိုက် ဘုရင်မမှ သာမန်အရပ်သူအထိပါဝင်သည်။အောက်ဘက်တွင် ထုဆစ်ထားသော အရုပ်များမှာ တည်ငြိမ်သောမျက်နှာ၊ ပြုံးနေသော မျက်နှာဖြင့် အရပ်သူ အရပ်သားများ၏ပုံများဖြစ်ကြပြီး တစ်ပုံတွင်မူအရပ်သူ တစ်ယောက်ကလေးငယ်တစ်ယောက်ကိုချီထားသည်။
၁၅၃၁ခုမှ ၁၅၅၃ ခုအထိ စိုးစံခဲ့သော ဘုရင်မင်းဘဂီရိသို့မဟုတ် မင်းဘင်တည်ထားခဲ့သော ရှစ်သောင်း ဘုရားများ ကိုလည်း တွေ့မြင် နိုင်သည်။ ဘုရား၏ဘွဲ့တော်ကို ရှစ်သောင်းဟုပေးထားရခြင်းမှာ ဆင်း တုတော်ပေါင်း(၈၄၀၀၀)ရှိခြင်း ကြောင့်ဖြစ်သည်။ မြင့်သောထောင့် တစ်နေရာတွင် ဘုရင်နှင့် သူ၏မိဘုရားများ၏ ပုံများကိုလည်းထွင်းထားပြီး နန်းဝတ်နန်းစားများဖြင့်ဖြစ်သည်။ အမျိုးသမီးများဝတ်ဆင်သော ထမီ လုံချည်များ ကိုလည်း ပုံစံအမျိုး မျိုးနှင့်မြင်တွေ့ နိုင်ပြီး ၄င်းတို့ကိုအနက် ရခိုင်ရိုးရာဆင်ဖြစ်သော “အချိတ်ဆင်” ကိုလည်းမြင်တွေ့နိုင်သည်။ ဘုရင်နှင့် မိဘုရားများကို နန်းတွင်းသူနန်းတွင်းသားများက ဒူးထောက်ခစား နေကြသည့်ပုံများ ဖြစ် သည်။
ကြီးမားလှသောတန်ဆောင်များ၏ အတွင်းနံရံများတွင် မြတ်စွာဘုရား၏ ဇာတ်တော်များမှာ ပုံများကိုသာမက သာမန်လူများ၏ နေ့စဉ်ဘ၀များကို ရုပ်လုံးကြပုံဖော်ထားသည်ကို မြင်တွေ့နိုင်သည်။ အဆိုပါပုံများသည် ကခုန်လျက်ဖြစ်စေ တူရိယာများကိုတီးမှုတ်လျက်ဖြစ်စေပုံဖော်ထားသည်။ အတွင်းခန်းတစ်ခုတွင် စစ်ရေးလေ့ကျင့်နေပုံများ ကိုရုပ်လုံးကြွ ထုဆစ်ထားရာ စစ်သည်တော်များသာမကဆင်များကိုပါ မြင်တွေ့နိုင်သည်။ တချို.တွင် စစ်သည်တော်များကိုယ်ခံပညာလေ့ ကျင့်နေသကဲ့သို့ တစ်ချို့ပုံများတွင်ဓားရေး၊ လှံရေးလေ့ကျင့်နေသည်ကိုမြင်နိုင်သည်။ တစ်နေရာတွင် “ကျင်” နပန်းသတ် နေသည့်ပုံကိုတွေ့ နိုင်ပြီး ၄င်းမှာ ရခိုင်လူမျိုးတို့ ယနေ့တိုင်လူကြိုက်များနေဆဲအား ကစားတစ်ခုဖြစ်သည်။ တန်ဆောင်းကြီး အတွင်းမှ ခန်းမဆောင်များထဲတွင် နံရံရုပ်လုံးကြပုံပေါင်း(၁၀၀၀)ကျော်ရှိနေသည်။ အ၀င်ဝအနီးတွင်ဒေါက်ချာ ဆောင်း ထားသော မျက်နှာသုန်မှုန်နေသည့် ရသေ့ကြီးတစ်ပါး၏နံရံရုပ်လုံးကြရောင်စုံပုံရှိသည်။ ရသေ့ကြီး၏လက်တစ်ဘက်တွင် တောင်ဝှေး ကိုင်ထားပြီး ကျန်လက်တစ်ဘက်တွင် အောင်မြင်မှုအတွက် မင်္ဂလာရှိသော အရွက်များကိုင်ထားသည်။ ရသေ့ကြီး၏အမည်မှာ ဦးမရ၀ဖြစ်ပြီး ဤတန် ဆောင်းကြီးကိုဆောက်လုပ်ရန် ဘုရင်ကိုအကြံပေးခဲ့သူဖြစ်သည်။
ဘုရင်မင်းဘဂီရိက အာနန္ဒစန္ဒာရ ကဗ္ဗည်းကျောက်စာကို မြို့တော် ဟောင်း ဝေသာလီမှယူဆောင်လာခဲ့ပြီး တန်ဆောင်း၏လှေကားတွင် စိုက်ထူ ထားခဲ့သည်။ သားတော်ဖြစ်သူဘုရင်ဒီဂရာ(မင်းသိက္ခ)ကထီးမွေနန်းမွေကို ဆက်ခံ သည့်အခါ သူ့အနေနဲ့ အသက်ခြောက်လသာရှင်မည်ဖြစ်ကြောင်း၊ အသက်ရှည်လိုပါက အတိတ်နမိတ်ကောင်းသော ကိုးဂဏန်းပါသည့် ဘုရား တစ်ဆူတည်ရမည်ဖြစ်ကြောင်းဗေဒင်ဆရာများက ဟောပြောခဲ့ကြသည်။ ဘုရားတည်သည့်အခါ ကိုးသောင်းဟူသောဘွဲ့ပေးခဲ့သည်။ ဖခမည်းတော် ကရှစ်သောင်းဟူသောဘွဲ့ဖြင့်ဘုရား တည်ခဲ့သည်ကို သာလွန်စေရန် ကိုးသောင်းဟုဘွဲ့ပေးခဲ့သည်ဟု လူအများကထင်မှတ်ခဲ့ကြသည်။ အဖေ ထက်သားတစ်နှစ်ကြီးပြီးမိဘ အပေါ်အရိုအသေ မပေးခဲ့ခြင်းကြောင့် ကံကြမ္မာဆိုးနှင့် ကြုံခဲ့ရသည်ဟု လူအများကယုံကြည်နေကြဆဲဖြစ်သည်။ သက်တမ်းခြောက်လထက် ပိုပြီး သုံးနှစ်အထိဆက်အသက်ရှင်ခဲ့သော် လည်း ဘုရားမပြီးခင်လုပ်ကြံသတ်ဖြတ်ခံရပြီး နတ်ရွာစံခဲ့ရသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဗုံးတစ်လုံးတိုက်ရိုက်ထိမှန်ခြင်းခံခဲ့ရသည်။ ကိုးသောင်းဘုရားမှာ မကြာသေးခင်ကမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ရာ၊ ခြုံနွယ်ပိတ်ပေါင်းများဖုံးအုပ်နေသော မြေပုံကြီးအောက်မှ ပြန်လည်တူးဖော် ရရှိခဲ့ခြင်း ဖြစ်သည်။ အမိုးမှအုတ်ကြပ်များသည် တည်ဆောက်စဉ်က ပန်းရံ ဆရာများပုံထားသည့်အတိုင်း ရှိနေဆဲပင်၊ ဘာသာတရား ကို ရိုသေကိုင်းရှိုင်းပြီး မိဘအပေါ်သားသမီးတို့က အစဉ်အလာအရအလေးအမြတ်ထားကြသည့် လူအများအဖို့ ကိုးသောင်းဘုရားမှာ ထင်ရှားခြင်းမရှိလှပေ။ မြောက်ဦးရှိခန်းမဆောင်ကဲ့သို့သော ဘုရားတန်ဆောင်း များတွင် ထူထဲသော နံရံများရှိကြပြီး ခံတပ်များနှင့်တူသည်။ နှစ်ပေါင်း များစွာ ရင်ဆိုင်လာခဲ့သော စစ်ပွဲများအတွင်၎င်းတို့ကိုခံတပ်များ သဖွယ် အသုံးချခဲ့ဖွယ်ရှိသည်ဟု တချို့ သမိုင်းပညာရှင်များက ယုံကြည်ကြသည်။မည်သို့ပင်ဖြစ်စေ ရန်သူတပ်များ သို့မဟုတ် မုန်တိုင်းများ၏ ဘေးရန်မှ လွတ်ကင်းရန်အတွက် လူအများကို ခိုလှုံမှုပေးမည်ဖြစ်သည်။ မြောက်ဦး အပြင်မြို့ဟောင်း ဟူသော တခြားအမည်လည်း ရှိသေးသည်။ အတိတ်ကာလတွင် ကျော်ဇောဂုဏ်ရောင်ထွန်းပြောင် ခဲ့သော်ငြားလည်း သမိုင်း၏ဂုဏ်ယူဖွယ်ကောင်းသော အခန်းကဏ္ဍမှာ မည်သည့် အခါမှ မှေးမှိန်သွားမည်မဟုတ်ပေ။
(Mrauk Oo By Ma Thanegi ဘာသာပြန်ဆိုပါသည်။)
UNSCO ၏ ကမ္ဘာအမွေအနှစ် မြို့ဟောင်းများ စာရင်းထဲမှ ရှေးအကျဆုံး ဓည၀တီမြို့ဟောင်းကို မြန်မာအစိုးရက ဖယ်ထုတ်ထား........
မြန်မာ အစိုးရမှ မြန်မာနိုင်ငံမှ မြို့ဟောင်းများ ဖြစ်ကြသည့် ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာ မြို့ဟောင်များကို UNSCO ကမ္ဘာအမွေအနှစ် စာရင်းထဲတွင် ထည့်သွင်းရန် တောင်းဆိုထားသော်လည်း ထိုထက် ရှေးကျသော ဓည၀တီ မြို့တော်ဟောင်းကို အဆိုပါ စာရင်းထဲမှ အစိုးရမှ ပယ်ထုတ်ထားသည်။

မြန်မာ ယဉ်ကျေးမူ အမွေအနှစ်များကို ကမ္ဘာ့ အမွေအနှစ်စာရင်း (World Heritage List) တွင် မြန်မာ အစိုးရမှ ထည့်သွင်းပြီး ကမ္ဘာ့အဆင့်၊ နိုင်ငံတကာ အဆင့် ကာကွယ်ထိန်းသိမ်းရေး အတွက် UNSCO အဖွဲ့နှင့် ပူပေါင်းဆောင်ရွက်လျက် ရှိနေရာတွင် ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃)မြို့ကို ကမ္ဘာ့အမွေအနှစ် စောင့်ရှောက်မူ စာရင်းတွင် ထည့်သွင်းထားကြောင်းဖြင့် ပြန်ကြားရေးနှင့် ယဉ်ကျေးမူ ၀န်ကြီး ဦးကျော်ဆန်းမှ စက်တင်္ဘာလ ၂၀ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့် ယဉ်ကျေးမူ ၀န်ကြီး ဦးကျော်ဆန်းမှ ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့ကို ကမ္ဘာ အမွေအနှစ် စာရင်းတွင် ပါဝင်အောင် ဆောင်ရွက်ရာတွင် နောက်ဆုံး အဆင့် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ UNESO က ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးပါက ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့သည် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာတော့မည် ဖြစ်ပါကြောင်း ပြောကြားသည်။

သို့သော်လည်း ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့ထက် ရှေးကျသော ရခိုင် ဓည၀တီ မြို့ဟောင်းကို မြန်မာ အစိုးရမှ ကမ္ဘာ အမွေအနှစ် စာရင်းထဲတွင် မထည့်ဘဲ ပယ်ထုတ်ထားသည်ကို တွေ့ရသည်။

သို့အတွက် ရခိုင်ရှိ ဓည၀တီ မြို့ဟောင်းနှင့် ကမ္ဘာ အမွေအနှစ် စာရင်းတွင် ထည့်သွင်းရန် မြန်မာ အစိုးရမှ အဆိုပြု တင်သွင်းသော ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာမြို့ဟောင်း (၃) မြို့ တို့တွင် မည်သည့်မြို့များက မြန်မာနိုင်ငံတွင် ရှေးကျပါသလဲဟု ရခိုင်ယဉ်ကျေးမူ ပြတိုက်မှူး(ဟောင်း) လည်းဖြစ် ယဉ်ကျေးမူနှင့် ရှေးဟောင်း သုတေန ဌာန အငြိမ်းစား လက်ထောက် ညွှန်ကြားရေးမှူးလည်း ဖြစ်သူ ဦးကျော်ထွန်းအောင်ကို နိရဉ္စရာမှ မေးမြန်းရာ သူက ယခုလို ပြောသည်။

" ရခိုင် ဓည၀တီဆိုတာကာ တတိယ ဓည၀တီဆိုတာ နောက်ဆုံးဓည၀တီပါ။ အဲဒီနောက်ဆုံး ဓည၀တီက ဘီစီ ၆ ရာစုကနေ အေဒီ ၄ ရာစုထိ ရှိတယ်။ ဗမာပြည်က ဗိဿနိုးတို့ဟန်လင်းတို့ဆိုတာက အေဒီ ၁ ရာစုလောက်ကနေ ၉ ရာစုလောက်ထိ ဖြစ်မယ်။ ဗိဿနိုးတို့ ဟန်လင်းတို့နဲ့နှိုင်းရင် ရခိုင်က ဓည၀တီက ရှေး ကျပါတယ်" ဟု ပြောသည်။

ထိုသို့ ဓည၀တီမှာ မြန်မာနိုင်ငံတွင် ရှေးအကျဆုံး မြို့တော်ဟောင်း တစ်ခု ဖြစ်ပါလျှက် မည်သည့်အတွက် ကြောင့် ရှေးဟောင်း အမွေအနှစ် စာရင်းထဲတွင် မထည့်ဘဲ မြန်မာ အစိုးရမှ ပယ်ထုတ်ထားရပါသလဲဟု မေးမြန်းရာ ဆရာက ယခုလို ဆက်ပြောသည်။

" ဒါကတော့ သူတို့နေရာမှာ သူတို့ ယဉ်ကျေးမူ အမွေအနှစ်ကို သူတို့ လုပ်တာဖြစ်တယ်။ ရခိုင်မှာ ရှိတဲ့ အမွေနှစ်တွေက ရခိုင်တွေမှာ တာဝန်ရှိမှာပါ။ သူတို့မှာရှိတဲ့ အမွေနှစ်တွေကို ကမ္ဘာ ယဉ်ကျေးမူမှာ ထည့်တာသူတို့ တာဝန်ကို သူတို့ထမ်းဆောင်တာဖြစ်မယ်။ ကျွန်တော်တို့ ရခိုင် တွေကလည်း ကျွန်တော် တို့မှာရှိ တဲ့ ရခိုင်အမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမူ အမွေအနှစ် ထဲမှာ ပါဝင်အောင် ရခိုင်သားတွေက ကြိုးစားရမှာပါ" ဟု ပြောကြားသည်။

ဓည၀တီ မြို့တော်ဟောင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ ဆရာက ယခုလို ရှင်းပြ ပြောဆိုသည်။

"ဟိုတုန်းကတော့ ဓည၀တီကို သမိုင်းဆရာတွေက ဒဏ္ဍာရီ တခုလို့ဘဲ ယူဆကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဓည၀တီ နန်းတော်ရာကို တူးဖော်တဲ့ အခါမှာ ဓည၀တီမြို့ရဲ့ နန်းတော် မြို့ရိုးတွေ အုဋ်ဖောင် ဒေးရှင်းတွေ၊ နောက်တခါ မြို့ဝင် ပေါက်တွေ ပေါ်လာတယ်။ နောက်တခါ အဲဒီ ဓည၀တီခေတ်က သုံးခဲ့တဲ့ အိုးခြမ်းကွဲတွေကို တွေ့တဲ့အခါ ဓည၀တီဟာ ရခိုင်မှာ တကယ့် တကယ် ထွန်းကားခဲ့တယ် ဆိုတာမျိုးကို ကျွန်တော်တို့ သက်သေထူလို့ရပါတယ်။ အဲဒီတော့ ဓည၀တီဟာ ကျွန်တော်တို့ရခိုင်သမိုင်းမှာ နောက်ဆုံး တတိယ ဓည၀တီဆိုတာ ဘီစီ ၆ ရာစုက အေဒီ ၄ ရာစုအထိ ထွန်းကားခဲ့ပါတယ်။ ကျွန်တော်တို့ ဓည၀တီဟာ ဗိဿနိုးတို့ ဟန်လင်းတို့နဲ့သွားယဉ်ရင် ဗိဿနိုးတို့ ဟန်လင်းတို့ဟာ BC ခေတ်ကို မရောက်နေတဲ့ အတွက် ဓည၀တီက တော်တော့်ကို ရှေ့ကျပါတယ်။ နောက်တခုက တူးဖော် ရရှိတဲ့ ဓည၀တီ မြို့ဟောင်းက အ၀န်းအ၀န်းပုံစံ ရှိ ပါတယ်။ နောက်ပိုင်းတည်တဲ့ မြို့တွေကျတော့ လေ့ထောင့် ပုံသဏ္ဍာန်မျိုး တွေ့ပါတယ်။ နောက်တခါ မြို့တံခါးတွေကျတော့လည်း နောက်ပိုင်းမြို့တံခါးတွေဟာ တံခါးလက်တံတွေမပါဘဲ ရှေ့ခေတ်က မြို့ဟောင်းတွေကျတော့ တံခါး လက်တံတွေကို အရှည်ကြီးလုပ်ထားတာကို တွေ့ရပါတယ်။ အဲဒါကို ထောက်ထားပြီး ကျွန်တော်တို့ တူးဖော်ထားတဲ့ ဓည၀တီမြို့ဟာ တကယ့်တကယ် သမိုင်းအရ တော်တော့ကို ရှေ့ကျတဲ့ မြို့တော်ဟောင်း လို့ ပြောရမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

မြန်မာနိုင်ငံ၏ ရှေးကျသော မြို့တော်ဟောင်းများ အထဲတွင် ရခိုင်ရှိ ဓည၀တီနှင့် ဝေသာလီ မြို့ဟောင်း (၂) မြို့ ပါဝင်နေသော်လည်း UNSCO ၏ ကမ္ဘာ့ အမွေအနှစ် စာရင်းထဲတွင် ထည့်ရန် မတင်ပြဘဲ ပစ်ပယ်ထားခြင်းမှာ မြန်မာ အစိုးရ၏ မိမိယဉ်ကျေးမူမှ ယဉ်ကျေးမူ ။ ပြည်ထောင်စု အတွင်းရှိ တခြား လူမျိုးများ၏ ယဉ်ကျေးမူကိုမူ အသိအမှတ်မပြု မလေးစား တန်ဖိုး မထားသည်ကို ဖေါ်ပြရာ ရောက်နေသည်ဟု မြောက်ဦးမြို့မှ တခြား ရခိုင်အမျိုးသား ကျောင်းဆရာ တစ်ဦးက ထောက်ပြပြောဆိုသည်
ရခိုင်အလံ အဓိပ္ပါယ်ဖွင့်ဆိုချက်

အရောင်
အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သောစိတ်ဓါတ်ရှိခြင်း၊ အမျိုးသီလနှင့် ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ရှိခြင်း နှင့် ဖြူစင်တည်ကြည် စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်း တို့ကိုဖော်ဆောင်သည်။ အနီရောင်၏သဘောမှာ ရဲရင့်တည်ကြည်သောသတ္တိနှင့် ခိုင်ခံ့တည်ကြည်သောဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကို အဓိပ္ပါယ်ရှိခြင်းတို့ကို အဓိပ္ပါယ်ဆောင်သည်။
သီရိ၀စ ၦ
သီရိ၀စ ၦမွာ ဝေသာလီစန္ဒြားမင်းတို့၏ဒင်္ဂါးတွင် ခေတ်နှိပ်သုံးစွဲသောပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင် မုတ်တံကဲများ၊ ဘုရားတန်းဆောင်မုတ်တံကဲများ၊ တံခါးမုတ်စီများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင်သင်္ကေတများစွာပါရှိသည်။

နေနှင့်လ
နေနှင့်လတို့မှာ ပထမဆုံး ရခိုင် ဟူသောအမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည် နေလအမည်ရှိသော ဘွဲ့ထူးဂုဏ်ထူး အမည်များကို ခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများ ဖြစ်ကြသည့် အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသောအကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသားလက္ခဏာများကိုဖော်ညွှန်းထားပါသည်။ နေသည် ကမ္ဘာ မြေပြင်ပေါ်ရှိလူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည်အေးမြကြည်လင်သောသာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသောအရောင်ကိုပေးတတ်သည်။ လူသားသတ္တ၀ါတို့အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကို ဖော်ညွှန်းထားခြင်းဖြစ်သည်။

လက်ဝဲရစ်ခရုသင်းနှင့်လက်က်ျာရစ်ခရုသင်း

တိုင်းပြည်ကိုအုပ်ချုပ်သောဘုရင်များ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်ကျာရစ် ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊ သမာဓိတရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစေ၊ တိုင်းသူပြည်သားတို့ကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ကို ဖော်ဆောင်ပါသည်။

စိန်တောင်

စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဏိုင်မားမားမတ်မတ်ဖြောင့်တန်းစွာရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည်မင်းနှင့်တကွ ပြည်သူတို့အား တည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကိုဖော်ပြထားသည်။

စိန်တောင်အောက်ခံ

စိန်တောင်အောက်ခံမှာလခြမ်းသဒဏ္ဍာန်ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်းဖြောင့် မတ်တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်းသဘောကို သရုပ်ဆောင်သည်။

ရွေးလုံး(ရ)လုံး (ဗိန္ဒု)

ရခိုင်တို့သည် ကြက္ကိကာနက္ခတ်နှင့်ယှဉ်သည့်လူမျိုးများဖြစ်ကြသည်။ ကြက္ကိကာနက္ခတ်သည် စပါးပင်၊ မြေများ၏ လက္ခဏာကို ဆောင်သည် (တစ်ချို့ကျမ်း၌ ကြယ်ခုနစ်ကောင်ဟုဆိုသည်) ကြက္ကိကာနက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တို့ပြုလုပ်ကြသည်။ ရခိုင်ပြည်သည် ကြက္ကိကာနက္ခတ်နှင့်လျှော်ညီစွာ စိုက်ပျိုးရေးကိုအဓိကပြု၍ အသက်မွေးဝမ်းကြောင်း ဆောင်ရွက်ရသော တိုင်းပြည်ဖြစ်သည်။ ယင်းကြောင့် ရခိုင်ပြည်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာ သဘောကို ဆောင်ထားခြင်းဖြစ်သည်။
ခြူးပန်း
ခြူးပန်းသည် အမြင့်မြတ်ဆုံးသောပန်းတစ်မျိုးတွင် ပါဝင်သည်။ခြူးပန်းမှာ အပင်မှပွင့်သောပန်းမျိုးမဟုတ်ပေ၊ ခြူးဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဒာကိုယ်လက်မှ ပေါက်ရောက်နေသောအမွှေးအမျှင်တို့၏ ပုံသဒဏ်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီ၊ ပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်နန်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက၊် ပန်းလိပ်၊ ပန်းနွယ်များထုလုပ်ရာတွင်သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏အလယ်တွင်ခြူးကောင်များထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟူ၍ခေါ်သည်။ ခြူး ကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏သွားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်တစ်ခု ထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်သည်။ မင်္ဂလာရှိသော၊ တေးသံသာသောအသံကို သရုပ်ဖော်ထားသည်။ ၎င်းတို့သည်ကာမဆန္ဒတရား၌ တစ်သက်လျင်တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္စရိယာသိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်ထားသည်။
 

ဤသီရိဝိစ္ဆတစ်ခုလုံး၏သဘောတရားမှာသစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံပွားများစေခြင်း၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကိုဆင်ခြင်စေနိုင်ခြင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျှော်ညီစွာ တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါများတိုးတက်စေနိုင်သော သင်္ကေတသဘောများကို သရုပ်ဆောင်ထားပါသည်။
အိမ်ထောင်ပြု ဓမ္မသတ်ကျင့်ဝတ်

ရခိုင်လူမျိုးတို့၏ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်သော အချက်အလက်များ
၁။ ထိမ်းမြားလက်ထပ်ရန် လိုအပ်သည့် အရည်အချင်းများ
(က) ထိမ်းမြားလက်ထပ်နိုင်သည့် အမျိုးသား၏ အသက်အရွယ်
အသက်အရွယ်ကို ကန့်သတ်ချက်မရှိ၊ အိမ်ထောင်အရွယ် ရောက်ချိန်တွင် ထိမ်းမြားလေ့ ရှိပါသည်။ အများ အားဖြင့် အမျိုးသားများမှာ အသက်(၂၀)ကျော်ကို အိမ်ထောင်အရွယ် ရောက်သည်ဟု ယူဆကြသည်။ ငယ် စဉ်ကပင် အိမ်ထောင်ဖက်ပြုရန် လျာထားသတ်မှတ်ချက် ပြုထားသော ဓလေ့လည်းရှိသည်။ ရှေးကဆိုလျှင် အသက်(၃၀)အထိ လူပျိုအဖြစ် သတ်မှတ်၍ အိမ်ထောင် လက်ထပ်နိုင်သည်။

(ခ) ထိမ်းမြားလက်ထပ်နိုင်သည့် အမျိုးသမီး၏ အသက်အရွယ်

အမျိုးသမီးမှာ အသက်(၁၆)နှစ်မှစ၍ အပျိုရွယ်ရောက်သည်။ ထို့ကြောင့် အပျိုရွယ်ရောက်သည့် အရွယ်က စ၍ ထိမ်းမြားလက်ထပ်နိုင်သည်။ ပုခက်တွင်းငယ်စဉ်ကပင် လက်ထပ်ထိမ်းမြားရန်ကတိပြု၍ စေ့စပ်ကြောင်း လမ်း ထိမ်းမြားခြင်းသဘောလည်း ရှိကြပါသည်။ ၄င်းကို ကျမ်းဂန်အလိုအရ သာရက္ခမိန်းမဟု ခေါ်သည်။

(ဂ) အမျိုးသား (သို့မဟုတ်) အမျိုးသမီး လက်ထပ်ထိမ်းမြားရာ၌ မိဘ(သို့မဟုတ်) မိဘမရှိပါက အုပ်ထိန်းသူ ၏ သဘောတူညီချက်ရယူရန် လိုမလို

လိုအပ်သည်။ အုပ်ထိန်းသူနှင့် ကင်း၍မရနိုင်။ အမိအုပ်ထိန်းသော မိန်းမစသည်ဖြင့် အုပ်ထိန်းခြင်းရှိသော မိန်းမ (၂၀)ရှိ၏ဟု ကျမ်းဂန်၌လာ၏။ ဤအုပ်ထိန်းခြင်းနှင့် မကင်းသော အမျိုးသား၊ အမျိုးသမီးတို့သည် မိမိကာမကို သဘောတူကလည်း အုပ်ထိန်းသူက အခွင့်မရလျှင် အပြစ်ဒဏ်ရှိသည်ဟု မနုကျယ်ဓမ္မသတ်၌ ပါရှိသည်။ ကျမ်းဂန်တွင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ဆို၏။

၂။ ထိမ်းမြားလက်ထပ်ခြင်း

(က) လက်ထပ်ပုံလက်ထပ်နည်း

စေ့စပ်ကြောင်းလမ်း ကတိခံဝန်ချက်ဖြင့် လက်ထပ်ပုံ၊ ရေခွက်၌ လက်ဆုံချ၍ လက်ထပ်ပုံ၊ ပွဲလမ်းသဘင်ပြု၍ အမျိုးသမီးအိမ်သို့ အမျိုးသားကိုပို့၍ လက်ထပ်ပုံ (သမက်တက်သည် ဟူ၏) အမျိုးသားအိမ်သို့ အမျိုးသမီးကို ပို့၍ လက်ထပ်ပုံကို မင်းတင်လက်ထပ်သည်ဟု ဆိုသည်။
 

လက်ထပ်ပွဲကို စတင်သောအခါ အညွန့်ရှိသူ အမျိုးသမီးက ချည်ခင်ကိုကိုင်၍ အမျိုးသမီး၊ အမျိုးသားနှစ်ဦး စလုံးတို့ မင်္ဂလာနေရာကို လည်းကောင်း၊ ယင်းတို့၏ အိပ်ရာလိပ်၊ သေတ္တာစသော ပစ္စည်းတို့ကို လည်း ကောင်း၊ ကာရံတားဆီး၍ ရစ်ပတ်ရသည်။ ဤသည်ကိုပင် ထိမ်းမြားသည်ဟု ခေါ်သည်။ ပထမစတိ ထိမ်း မြားခြင်းမည်၏။ အညွန့်ရှိသူ ဆိုသည်မှာ သားဦး၊သမီးဦး မပျက်စီးဘဲ အသက်ထင်ရှား ရှိခြင်းကို အညွန့်ရှိ သည်ဟု ဆိုသည်။
ထို့သို့မြားပြီးနောက် အမျိုးသား၊ အမျိုးသမီးတို့ ထမင်းလက်ဆုံ စားကြရသည်။ ရေဖလားတွင် အတူလက် ဆေးကြရသည်။ မိဘ(သို့မဟုတ်) အုပ်ထိန်းသူများက ထမင်းဆုပ်ခံရသည်။ အညွန့်ရှိသူ ဇနီးမောင်နှံတို့က အမျိုးသား၊အမျိုးသမီး ညာလက်တို့ကိုယူပြီး လက်ထပ်ပေးသည်။ ထို့နောက် ရေစင်သွန်းလောင်းပြီး ထိမ်းမြား မှု ပြီးဆုံးလေသည်။ လက်ထပ်ပုံ လက်ထပ်နည်း၌ ရပ်ရွာလူကြီး မိဘများ ရှေ့မှောက်တွင် ထမင်းလက်ဆုံ စားခြင်း၊ ကျွေးမွေးဧည့်ခံခြင်းဖြင့် အကြင်လင်မယားဖြစ်ကြောင်း၊ လက်ထပ် ထိမ်းမြား ကြောင်း အသိအမှတ် ပြုရာ ထင်ရှားပြီးဖြစ်ပါသည်။

(ခ) ထိမ်းမြားလက်ထပ်ရာရောက်ကြောင်း မည်သည့် အခြေအနေတွင် မှတ်ယူနိုင်သည်

အထက်ဖော်ပြပါ လက်ထပ်ပုံ လက်ထပ်နည်းအရ ရပ်ရွာလူကြီး မိဘများ၏ ရှေ့မှောက်၌ တရားဝင်လက်ဆုံ စားခြင်း အပြီးတွင်ပင် ထိမ်းမြားလက်ထပ်ရာ ရောက်ကြောင်း အသိအမှတ်ပြုကြသည်။ လက်ဆုံမစားသော သူများကို လင်မယားဟု အသိအမှတ် မပြုကြချေ။

၃။ လင်မယား ကွာရှင်းခြင်း၊ ပြတ်စဲခြင်း

(က) နှစ်ဦးသဘောတူ လင်မယားကွာရှင်းလိုပါက မည်သို့မည်ပုံ ဆောင်ရွက်သည်

ကွာရှင်းခြင်း၊ ပြတ်စဲခြင်း အကြောင်း ပါရှိသော ပေးစာကို ပေး၍လည်းကောင်း၊ သို့မဟုတ် လူကြီးမိဘ ရှေ့ မှောက်၌ ပြောဆိုဖြင်းဖြင့် ကွာရှင်းပြတ်စဲရပါသည်။

(ခ) လင် သို့မဟုတ် မယားက ကွာရှင်းလိုပါက မည်သည့်အကြောင်း အချက်များပေါ်တွင် အခြေခံ၍ မည်သို့ မည်ပုံ ဆောင်ရွက်သည်

အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ စကားများခြင်း၊ သားလင်ကျင့်ဝတ် ချွတ်ယွင်းခြင်း၊ စာရိတ္တပျက်စီးခြင်း၊ မကျွေး မွေးနိုင်ခြင်း၊ တစ်ဦးကို တစ်ဦး ယုံမှားသံသယ ဖြစ်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်မိခြင်း စသော အ ကြောင်းများအပေါ် အခြေခံ၍ ကွာရှင်းမှုကို အထက်ပါ (က) အတိုင်း ဆောင်ရွက်ရသည်။

(ဂ) မည်သည့်အခြေအနေတွင် လင်မယားပြတ်စဲခြင်း မြောက်သည်

တရားဝင်ကွာရှင်းစာပေးခြင်း၊ ကွာရှင်းပြီးကြောင်းကို လူကြီးမိဘ အသိသက်သေရှိခြင်း၏အဆုံး၌ လင်မယား ပြတ်စဲခြင်း ရောက်သည်။

(ဃ) လင်မယားမပြတ်စဲဘဲ နောက်ထပ်အိမ်ထောင်ပြုခွင့် ရှိမရှိ

အခင်းချင်း ကြည်ဖြူပါက အိမ်ထောင်ပြုခွင့်ရှိသည်။ သို့သော် ပထမအိမ်ထောင် ပြတ်စဲမှု မဖြစ်စေရ။ နောက် အိမ်ထောင်ကို မယားငယ်၊ လင်ငယ်ဟူ၍ နှိမ့်ချ၍ ခေါ်ဆိုသုံးနှုန်းသည်။

၎။ ပစ္စည်းပိုင်ဆိုင်ခြင်း

(က) အသက်ထင်ရှားရှိစဉ် လင်နှင့်မယားတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း များနှင့် ပတ်သက်၍ လင်၏ပစ္စည်းကို မယားက ပိုင်ဆိုင်ခွင့် ရှိ၊မရှိ၊ မယားပစ္စည်းကို လင်က ပိုင်ဆိုင်ခွင့် ရှိ၊ မရှိ၊ ပိုင်ဆိုင်ခွင့်ရှိပါက မည်သို့မည်ပုံ ပိုင်ဆိုင်သည်

အသက်ထင်ရှားရှိစဉ် ခန်းဝင်ပစ္စည်းဆိုသော အမျိုးသမီးအား အမျိုးသားဘက်မှ ပေးဆောင်ရသော လက် ၀တ်လက်စား၊ ရတနာ ရွှေငွေပစ္စည်းများကို အမျိုးသမီးက တရားဝင် ကွာရှင်းမပြတ်စဲသရွေ့ ကာလပတ်လုံး ပိုင်ဆိုင်ခွင့်ရှိပြီး အမျိုးသားများနှင့် မသက်ဆိုင်ချေ။ အမျိုးသမီးက သူမ၏ သဘောဆန္ဒအရ လင်ယောက်ျား နှင့် ကွာရှင်းပြတ်စဲခြင်းပြုလျှင် ယောက်ျားအမျိုးသား ပိုင်ဆိုင်ခွင့်အဖြစ်သို့ ရောက်သွားသည်။ အမျိုးသမီးမှာ ကိုယ်ပိုင်မိဘ အိမ်မှပါလာသော ကိုယ်ပိုင်အ၀တ်အစား ပစ္စည်းများသာ ၄င်းပိုင်ဆိုင်ရသည်။ ထို့အတူ အမျိုး သားက ၄င်း၏ဆန္ဒဖြင့် ကွာရှင်းလျှင် အမျိုးသမီးအား ပေးထားရှိသော ခန်းဝင်ပစ္စည်း လက်ဆောင်များသည် အမျိုးသားက ပိုင်ဆိုင်ခွင့်မရှိဘဲ အမျိုးသမီးသာ ပိုင်ဆိုလေသည်။

(ခ) လင် (သို့မဟုတ်) မယားသေဆုံးပါက ကျန်အိမ်ထောင်ဖက်က လက်ထပ်ထိမ်းမြားလျှင် သားသမီးများ သို့မဟုတ် အခြားဆွေမျိုးများက ပစ္စည်းပိုင်ဆိုင်ခွင့် မည်သို့ရှိသည်

လင် သို့မဟုတ် မယားသေဆုံး၍ ကျန်အိမ်ထောင်ဖက်က လက်ထပ်ထိမ်းမြားပြုလျှင် ထိုအိမ်ထောင်ဖက်က ပင် ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။ သားသမီးများ (သို့မဟုတ်) အခြားဆွေမျိုးများက ပစ္စည်းပိုင်ဆိုင်ခွင့် မရပါ။ လင်သေ မယားဆိုင်၊ မယားသေ လင်ဆိုင်ဟူ၍ အမွေဆက်ခံပိုင်ခွင့်လည်း ရှိသည်။

၅။ ပစ္စည်းခွဲဝေခြင်း
(က) နှစ်ဦးသဘောတူ ကွာရှင်းပါက ပစ္စည်းများကို မည်သို့မည်ပုံ ခွဲဝေသည်

နှစ်ဦးသဘောတူ ကွာရှင်းပါက အမျိုးသမီး၌ ခန်းဝင်ပစ္စည်းကိုရရှိခြင်း၊ ထို့အပြင်မိဘထံမှ ပါလာသော ပစ္စည်း အသုံးအဆောင်တို့ကို ရရှိခြင်း၊ ထို့အပြင် မိမိတို့လက်ထက်ပွား ပစ္စည်းဥစ္စာများကို အညီအမျှ ခွဲဝေရရှိခြင်း ဖြင့် ခွဲဝေရယူနိုင်သည်။

(ခ) လင်(သို့မဟုတ်) မယား၏ ဆန္ဒကြောင့် ကွာရှင်းပါက ပစ္စည်းကို မည်သို့မည်ပုံ ခွဲဝေသည်

လင်၏ဆန္ဒကြောင့် ကွာရှင်းလျှင် ခန်းဝင်ပစ္စည်းကို မယားအား ပေးဆောင်ရသည်။ မယား၏ ဆန္ဒကြောင့် ကွာရှင်းပါက ပစ္စည်းများကို လင်သို့ ခွဲဝေပေးရသည်။

၆။ ပစ္စည်းဆက်ခံခြင်း

(က) လင်(သို့မဟုတ်) မယား သေဆုံးပါက ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် ပတ်သက်၍ လင်၏ပစ္စည်းကို မယား (သို့မဟုတ်) အခြားဆွေမျိုးများက ဆက်ခံပိုင်ခွင့် ရှိမရှိ၊ မယား၏ပစ္စည်း ကို လင်(သို့မဟုတ်) အခြားဆွေမျိုးများက ဆက်ခံပိုင်ခွင့် ရှိမရှိ၊ ဆက်ခံပိုင်ခွင့်ရှိပါက မည်သို့မည်ပုံ ဆက်ခံ သည်

လင်သေ မယားပိုင်၊ မယားသေ လင်ပိုင် စနစ်ဖြစ်၍ လင်၏ပစ္စည်း မယား၊ မယား၏ပစ္စည်းကို လင်သာ ပိုင် ဆိုင်ခွင့်ရှိသည်။ အခြားဆွေမျိုးများ ဆက်ခံ ပိုင်ခွင့် မရှိပါ။

(ခ) မိဘနှစ်ပါးစလုံး သေဆုံးလျှင် သားသမီးများ သို့မဟုတ် ဆွေမျိုးများက ပစ္စည်းကို မည်သို့ဆက်ခံသည်

မိဘနှစ်ပါးစလုံး သေဆုံးလျှင် သားသမီးများက ဆက်ခံရမည်။ သားသမီးမရှိက မွေးကျွေးသူ၊ စောင့်ရှောက် ပြုစုသူ၊ သင်္ဂြိုဟ်သူများသာ ဆက်ခံရသည်။

(ဂ) မြေးများ၏ အမွေဆက်ခံခွင့် မည်သို့ရှိသည်

အဘိုးအဘွားများ၌ အမွေဆက်ခံနိုင်သော သားမယား၊ သားသမီးမရှိက မြေးများ အမွေက်ခံပိုင်ခွင့် ရှိသည်။

(ဃ) လင်(သို့မဟုတ်) မယားသည် သေတမ်းစာ ပြုလုပ်ခွင့် ရှိ၊ မရှိ

လင်(သို့မဟုတ်) မယား သေတမ်းစာ ပြုလုပ်ခွင့်ရှိသည်။ သေတမ်းစာနှင့် သဘောတူ အကျိုးသက်ရောက် သော သေခါနီးဆဲ အသိသက်သေများ ရှေ့မှောက်ပြောဆို မှာကြားထားခြင်းလည်း ရှိပါသည်။ ၄င်းမှာလည်း သေတမ်းစာနှင့် အကျိုးတူ သက်ရောက်သည်။

၇။ သားသမီးမွေးစားခြင်း

ရှိပါသည်။ မိဘနှစ်ပါးစလုံးက ဖြစ်စေ၊ တစ်ဦးဦးက ဖြစ်စေ မွေးစားနိုင်သည်။ မိဘနှစ်ဦးစလုံး သဘောတူ မွေးစားခြင်းသာများသည်။ မွေးစားခံရမည့်သူ၏ အသက်အရွယ် ကန့်သတ်ချက် မရှိပါ။ နို့စို့အရွယ်ကပင် နို့တိုက်မွေးစားလေ့ ရှိသည်။

၈။ သားသမီးများ ထိန်းသိမ်းစောင့်ရှောက်ခြင်း

လင်မယား ကွာရှင်းသည့်အခါတွင် သားသမီးကလေးများကို သူတို့၏ ဆန္ဒအရ ခွဲယူ၍ဖြစ်စေ၊ လုံးဝ မယား (သို့) လင်အား အပ်နှင်းပေး၍ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိသည်။

၉။ မယားစရိတ်၊ ကလေးစရိတ်

လင်ကမယားအပေါ် မပြုစုမကျွေးမွေးခြင်းဖြင့် လည်းကောင်း၊ မယား၏ စားဝတ်နေမှု အခက်အခဲ၊ ကလေး ၏ စောင့်ရှောက်ထန်းသိမ်းမှု အခက်အခဲကြောင့် လည်းကောင်း၊ မယားက လင်အား အခါအခွင့် အားလျော် စွာ စားသောက်စရိတ်ကို တောင်းခံရသည်။ (သို့)လင်၏ မိဘဆွေမျိုးများထံ အကျိုးအကြောင်း တိုင်ကြားရ သည်။ လင်ကဖြစ်စေ (သို့) လင်၏ဆွေမျိုး မိဘများက ဖြစ်စေ ကွာရှင်းမှုမရှိသေးဆိုက စားသောက်စရိတ်၊ ၀မ်းစာ ဆန်ရေစပါး ကူညီပေးဆောင်စေရသည်။ (၀ါ) မပေးဆောင်နိုင်က အလျှင်းပြတ်စဲခြင်း၊ ကွာရှင်းခြင်း ပြုပေးရသည်။ မကွာရှင်းသေးသမျှ ကာလပတ်လုံး လင်မယား၊ သားသမီးတို့ စားဝတ်နေရေးတာဝါန် လုံးဝ ကျရောက်သည်။

၁၀။ အထွေထွေ

ရခိုင် လက်ထပ်ထိမ်းမြားမှု၊ကွာရှင်းမှု၊ ပိုင်ဆိုင်မှု၊ ပစ္စည်းခွဲဝေမှု၊ ပစ္စည်းဆက်ခံမှု၊ သားသမီးမွေးစားမှု၊ ထိန်း သိမ်းစောင့်ရှောက်မှု၊ သားမယားစရိတ် စသည်များမှာ လူမှုဓလေ့အပေါ်တွင် အခြေခံ၍ လိုက်နာ ခဲ့ရသော လူမှုကျင့်ဝတ်ဖြစ်သည်။ ၄င်းကို လောကသမုတ္တိခေါ် လူသားတို့ ကျင့်ထုံး ပညတ်ချက်ပင် ဖြစ်ရာ နောင်တွင် ယင်းပညတ်ချက်ကို အများကလိုက်နာ၍ လူမှုကျင့် ၀တ္တရားခေါ် ဓမ္မအမည် ရရှိပါသည်။ ထိုဓမ္မနှင့် လျော် သော ထိုဓမ္မအတိုင်း ပြုလုပ်စီရင်ရသော အဆုံးအဖြတ်များကို ဓမ္မသတ်ဟု ခေါ်သည်။ (၀ါ) တရားဥပဒေဟု ခေါ်သည်။ ထိုလူမှု ကျင့်ဝတ်ဓလေ့ ဓမ္မသတ်များကိုလည်း ကမ္ဘာအရပ်ရပ်က ဥပဒေပညာရှင်များသည် ဥပ ဒေကဲ့သို့ ကျင့်သုံး လိုက်နာစေခဲ့ခြင်းဖြင့် လူမှုဓလေ့ ယဉ်ကျေးမှုကို ထိန်းသိမ်းလာနိုင်ခဲ့ပေသည်။ ထိုရခိုင် လူမှု ဓလေ့ ဓမ္မသတ်များက ကမ္ဘာဦး မနုအမတ်ကြီး၏ အနုဓမ္မသတ်ကို အခြပြုလာသော ရွှေမျဉ်းဓမ္မသတ် အဌစ တ္တာလီသ (၄၈)ကျင့်ဝတ် စသည်ဖြင့် ဓမ္မသတ်များ၊ ကျင့်ဝတ်များ ရှိခဲ့ကြသည်။ ဒေသအလိုက် လက်ခံ အသုံး ပြုလျက်ရှိသော ဓလေ့ကျင့်ဝတ်များ ရှိကြ သေးရာကား ထိုထို လူမျိုးတို့၏ ဓလေ့ ကျင့်ဝတ်ထုံး ဓမ္မ သတ်များကို လေ့လာရှာမှီး စုစည်း ထိန်းသိမ်းခြင်းဖြင့် လည်းကောင်း၊ ဥပဒေအဖြစ်သို့ သတ်မှတ်ပြဌာန်း ခြင်းဖြင့် လည်းကောင်း ထိုလူမျိုး၏ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့များ မပျောက်မပျက်ဘဲ တည်တံ့နိုင်မည် ဖြစ်ပါသည်။ ရခိုင်ဓမ္မသတ်များ ကျမ်းမှာ-မနုဓမ္မသတ်၊ ရာဇ၀ံသကျမ်း၊ ရာဇာမတ္တဏ်ကျမ်း၊ ရာဇာနိတိကျမ်း များနှင့် ရွှေမျဉ်း ဓမ္မသတ်ကျမ်း၊ တိတ္တုံပါရာကျမ်း၊ အမွေခံ ဓမ္မသတ် စသည်ဖြင့် ရှေးက အသုံးပြုခဲ့သော ဓမ္မသတ်ကျမ်းများရှိရာ ယခုတိမ်မြုပ် ပျောက်ကွယ်သွားခြင်းဖြင့် ရှားပါးသွားခဲ့ရသည့်အတွက် ဖော်ထုတ်ပေးရန် သင့်လှပေသည်။

မှတ်ချက်။ ။ ရခိုင်ပြည်နယ်မှ ရခိုင်ယဉ်ကျေးမှုနှင့် ပတ်သက်၍ တောင်းခံချက်အရ မောင်တောမြို့နယ် ပြည်သူ့ကောင်စီ၏ မေးမြန်းချက်ကို ၁၉-၈-၈၆ နေ့က ဖြေဆိုပေးခဲ့ရခြင်း ဖြစ်သည်။
 

နတ်မြစ်-စန်းအောင်
(အရှင် စက္ကိန္ဒ- ရခိုင်ယဉ်ကျေးမှုများ အမှတ်(၆)မှ-)
ရခိုင်တို့၏ တူရိယာစည် တီးခတ်ခြင်း

အတီးအမှုတ်စသော တူရိယာ စည်မျိုး၊ တပိုးမျိုး၊ စောင်းမျိုး ဟူ၍ အသီးသီးရှိကြ၏။ ပါဠိစာပေတွင် စည်ငါး မျိုးကိုပင် "တူရိယာငါးမျိုး"ဟူ၍ ခေါ်ဆိုထားသည်။ ထို့ကြောင့် ရှေးရခိုင်စာဆိုများက "ပဉ္စင်တူရိယာ၊ တီးမှုတ် ကာဖြင့်" ဟုဖွဲ့ဆိုခဲ့ကြလေသည်။ ထို့အတူ တိုရိယာ ငါးပါးဆိုသည်မှာလည်း စည်မျိုးငါးပါးပင်ဖြစ်၏။
အတီးအမှုတ် တူရိယာတို့တွင် စည်တူရိယာမှာ တီးခတ်အပ်သော တူရိယာမျိုးပင်ဖြစ်၏။ ဤစည် အမျိုး အစားများစွာကို ပါဠိစာပေနှင့် ကက္ကတတို့တွင် များစွာပါရှိပေ၏။ စည်မှာ အမျိုးအမည်ထူးပြားလှ၏။ ဤစည် တီးခတ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အဘယ်အခါကပင် စတင်လာခဲ့ကြောင်းကို အတိအကျ ဖော် ပြရန် မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ရခိုင်သည် မြန်မာထက်စောစွာကပင် အိန္ဒိယမှ တစ်ဆင့် အနုပညာ သုခုမဂီတတို့ သည် ရခိုင်ပြည်နယ်သို့ နွှယ်ယှက်ဆက်ပွားခဲ့ရသည်ဟု ဆိုနိုင်ပေသည်။ ဂီတများသည်လည်း ထိုမှဆက်နွှယ် ခြင်းကို ပညာရှင်တို့ လေ့လာသိရှိ နိုင်ခဲ့၏။

ရခိုင်ပြည်နယ်၌ စည်တီးခြင်း၌ စည်တီးခြင်း စတင်လာသည်မှာ အိန္ဒိယမှပင် ဆက်နွှယ်ခဲ့သည်ဟု ဆိုစေ ကာမူ အခြခံမှု၊ အတုယူမှု စသည့် နည်းလမ်းအမျိုးမျိုးလည်း ရှိနိုင်မည်ဖြစ်၏။ တိုင်းပြည်နှင့်လူမျိုး တိုးတက် လာနိုင်သလောက် ယဉ်ကျေးမှု အနုပညာ တေးဂီတများမှာလည်း တိုးတက်လာနိုင်သလောက် ယဉ်ကျေးမု အနုပညာ တေးဂီတများမှာလည်း တိုးတက်နိုင်သဖြင့် ရခိုင်ပြည်နယ်၏ လူနေမှု စတင်လာပုံကို ခန့်မှန်းဖော် ထုတ်နိုင်ကြပါလျှင် ပို၍ သေချာရေရာပေမည်။

မြန်မာပြည်တွင်လည်း လူမျိုးစုအလိုက် စည်စသည့် တူရိယာများ အသီးသီး မိမိတို့လူမျိုး၏ အခြေခံမှုနှင့် ဆက်နွှယ်ဆင့်ပွားမှုကြောင့် တိုးတက်ခဲ့ကြပေ၏။ အသွင်အပြင်မူဟန် အသုံးအစွဲမှာလည်း မိမိတို့ လူမျိုး အ လိုက် ဖန်တီးတီထွင်ခဲ့ကြပေ၏။

ရခိုင်ပြည်နယ်တွင် အောက်ပါစည်အမျိုးအစားများကို အဆက်ဆက် သုံးစွဲခဲ့ကြောင်း တွေ့ရ၏။

၁။ မြှောက်စည် (ပဟိုရ်စည်)

၂။ သံလွင်စည်

၃။ မုရိုးစည် (စည်ဗျော)

၎။ စည်ပုတ်

၅။ စည်ကြီး (ရွန်းစည်)

၆။ ဒုံမင်း

၇။ စည်ပန်းတောင်း (စည်ပဒေါင်း)

၈။ စည်ဝန်း

၉။ ပတ်သာ (ပတ်မ)

၁၀။ တစ်ဘက်စည်

၁၁။ ပန်တျာ (ပန်းတျား)

၁၂။ ခတ်စည်

၁၃။ စည်လေး (စည်သေး)

၁၄။ စည်အိုင့် (အိုးစည်)

စသည်ကို သုံးစွဲခြင်းနှင့် ပတ်သက်၍ ရာဇ၀င် သာဓကများကို ဖော်ပြလိုပါ၏။

"နတ်မြစ်စန်းအောင်"က "ရခိုင်လူမျိုးတို့၌ ကိုယ်ပိုင် ဂီတသူခုမ အနုပညာရပ်များစွာ ရှိသည့်အနက် ရှေးမင်း များလက်ထက်နှင့် ယနေ့တိုင် ခေတ်စားနေသည့် "စည်" အမျိုးအမျိုးအကြောင်း" ကိုတင်ပြထား၏။ ပျောက် ကွယ်နေသော တူရိယာများကို သုတေသနလုပ်၍ ရှာဖွေထိန်းသိမ်းရန်မှာ ရခိုင်အမျိုးသားတိုင်း၏ တာဝန် ဖြစ်ပေသည်။

ရခိုင်ရာဇ၀င်၌ ဒဿဘာတီက တို့ ရေကစားရာသို့ မျောပါလာသော ကက္ကဋ ပုစွန်လက်မကို ပဟိုရ်စည် ကြက်လုပ်၍ မြှောက်စည်ပြုထားခဲ့သည်ဟု အဆိုရှိသည်။ စန္ဒသူရိယမင်း မဟာမုနိရှင်ပင်ကို သွန်းလုပ်စဉ်က ပဉ္စတူရိယာ တီးမှုတ်ခြင်း ရှိခဲ့သည်။ စန္ဒရားမင်းများ လက်ထက် စည်တော်ရွန်းခဲ့သော တောင်မှာ ယခုတိုင် ကျောက်လှေကားမြို့၌ ရှိ၍ စည်ကြီးတောင်ဟု ခေါ်တွင်ကြ၏။ မြောက်ဦးမြို့ နန်းတော်ဦးတောင်မှာလည်း စည်တော်ရွန်းခဲ့သဖြင့် ရွန်းတောင်ဟု ခေါ်တွင်လျက် ရှိသေး၏။ ဥဂ္ဂါပျံစာဆိုတို့၏ ရာသီဖွဲ့များ၌လည်း " ပိန် ပေါင်ခရာ၊ စည်ဒုပ္ပါနှင့်" ဟုလည်းကောင်း၊ "စည်ပုတ်သံဝါ၊ တောမှုတ်ကာသည်" ဟုလည်းကောင်း စပ်ဆိုခဲ့ ၏။ သတိုးသုဓမ္မမင်းသည် ပိတောက်ပင်ကို ထွင်း၍ ဗဟိုရ်စည် ကြက်ခဲ့၏။ ဤသို့စည်တီးခြင်းများ ထင်ရှား နိုင်သည့်အပြင် ပုန်းပုလက်ရာရုပ်တုလည်း အထင်အရှားတွေ့နိုင်၏။ သျှစ်သောင်း သိမ်တော်ကြီး နံရံတွင် စည် တီးခတ်နေသော တူရိယာသမားပုံကို တွေ့ရ၏။ ထို့ကြောင့် စည်ကြက်လုပ် တီးခတ်ခဲ့ကြပုံ၊ တူရိယာ အဖြစ် လည်းကောင်း၊ ပွဲလမ်းသဘင်ကန္နားတွင် လည်းကောင်း အသုံးပြုခဲ့ကြပုံများမှာ ထင်လင်းစွာ သက် သေခံ လျက်ရှိနေသည်။

ဤစည်များ အားလုံးကို ယခုအခါ မတွေ့သိရှိရသော်လည်း သုံးစွဲနေသမှုကို အောက်၌ ဖော်ပြပါအံ့။

၁။ ပန်တျာ (ပန်းတျား)

၂။ မုရိုးစည် (စည်ဗျော)

၃။ ခတ်စည်

၎။ ကျင်စည်

၅။ စိုင်တမျိုး

၆။ ဗုံရှည်စည်

ဤစည်တို့ကို ရှာဖွေတွေ့ရှိနိုင်သည်။ တခြားသော တူရိယာ အစိတ်အပိုင်းနှင့် နှဲ၊ ပလွေ စသည့် မှုတ်အပ် သော တူရိယာများကား စစ်တေကောင်းနယ်ရှိ ရခိုင်တို့ ယခုတိုင် သုံးစွဲလျက် ရှိသေး၏။

၁။ ပန်းတျားစည်

ဤစည်၏ စတင်လာပုံကို ရခိုင်ဇာတိဝံသ မော်ကွန်းစာတမ်း၌ တွေ့ရ၏။ ရခိုင်မင်းများသည် တိုင်းသူပြည် သားတို့ကို အနှောင့်အယှက်ပေးသော ရက္ခဘီလူး၊ နတ်မိစ္ဆာကြမ်းတို့အား မိုးဦး၊မိုးနှောင်း လစဉ်မပြတ် ပန်း တျားစည်ဖြင့် တီးခတ်ကာ နတ်ပွဲပသပူဇော်ရာ၌ သုံးစွဲခဲ့သည့် "ပန်းတျားသည်"ပညာရှင် တစ်ဦးကိုလည်း လက်ဝဲးသင်း ရှစ်ဦးတွင် တစ်ဦးအပါအ၀င် ရာထူးခန့်ထားခဲ့ရသည်။ (စည်သဘင် အမတ်ကြီးတို့လည်း ထို ကဲ့သို့ ပွဲသဘင်နှင့်ဆိုင်ရာ၊ ယဉ်ကျေးမှု သုခုမတေးဂီတနှင့် ဆိုင်ရာခန့်အပ်ထားသော သဘင်ဝန်ကြီး ပင်လောဟု အောက်မေ့အပ်သည်။) ထိုအခါမှစ၍ နတ်နှင့်ပတ်သက်သမျှ ပန်းတျားတီးခတ်မှု ရှိလာခဲ့ရ၏။

ပန်းတျား၏ အရင်းမှာ ကြီးပြီးလျှင် အဖျားမှာ သေးသွယ်သည်။ သားရေကြက်ပြီး ကြိုးနှင့်လွယ်ကာ တီးခတ် ရသည်။မြောက်ဦးမြို့နယ်တို့တွင် ယခုတိုင် တွေ့နိုင်၏။ ၄င်းနှင့်သီဆိုရသော သီချင်းလည်း သိးခြားပင် ရှိ၏။ ဤစည်ကို ရခိုင်ပြည်(နယ်)၌ ဦးစွာသုံးစွဲခဲ့ပြီး ဘယ်ခေတ်တွင်မှ မတိမ်ကောခဲ့သည့် စည်ဖြစ်ခဲ့သည်။ "ပတ် တီးသည်"ဟုလည်း အချို့ဒေသ၌ သုံးနှုန်း၏။

၂။ မုရိုးစည်

(ရခိုင်က စည်ဗျော ခေါ်၏) ၀ါကျွတ်ပွဲ၊ တန်ဆောင်မုန်းပွဲ၊ အတာသင်္ကြန်ပွဲ၊ ဘုရားပွဲ၊ ကျောင်းတက်အလှူပွဲ၊ ရှင်ပြုပွဲစသည့် မင်္ဂလာပွဲတို့၌ တီးခတ်လေသည်။ မင်းပြားမြို့နယ်၌ ယခုတိုင် ထိုစည်ကို တွေ့ရှိနိုင်သည်။ မင်းပြားမြို့ ကျန်းတောင်ဘုရားပွဲကျင်းပတိုင်း ဤစည်ဖြင့်ပင် တီးခတ်ပူဇော်လျက် ရှိသေးသည်။
၃။ ခတ်စည်
"သမက်တက်ပွဲ" ခေါ် မင်္ဂလာဆောင်ပွဲတို့၌ တီးခတ်ကြသည်။ ရခိုင်ပြည်တွင် စစ်ပြီးခေတ် သမက်တက်ပွဲ၌ စည်တီးခတ်မှု ပျောက်ကွယ်ခဲ့ပြီးသော်လည်း စစ်တကောင်းနယ် မရှက်ချောင်းတို့၌ ယခုထိရှိသည်။ ရခိုင် နန်းကျကြီး မင်းလက်ထက် စည်သဘင်သမီး ပန်းနီလာကို ပေးစားထိမ်းမြားစဉ် စည်တီးခတ်မှုကြောင့် ဘုရင် သည် အမျက်ရှ၍ ပိတ်ပင်ခဲ့ဖူး၏။ ဘုရင်မှာ ပန်းနီလာကို ချစ်ရေးဆိုခဲ့သော်လည်း စည်သဘင်၏ "သေပြီ" ဟူသည့် လိမ်လှည့်စကားကို ယုံကြည့်ခဲ့ကာ နေခဲ့၏။ ကာလကြာသော် တစ်ဖန် တခြားသူနှင့် ထိမ်းမြားပွဲ လုပ်၍ စည်တီးခတ်သံကို ဘုရင်ကြားရသဖြင့် သေပြီဟုဆိုခဲ့သော လိမ်လည်မှုကို ပြုသည့်အတွက် ငါ့အားမ ပန်ကြားဘဲ တိုင်းပြည်၌ တူရိယာ တီးမှုတ်ခွင့် မပြုရဟာ အမိန့်ထားခဲ့ဖူးသည့် တစ်ရပ်ရှိသည်။
၎။ ကျင်စည်
ရခိုင်လူမျိုးတို့၏ ထင်ရှားသော ကစားခုန်စား တစ်ခုဖြစ်သည့် ကျင်ကိုင်ပွဲတို့၌ တီးခတ်ရ၏။ ဤစည်ကို တီးခတ်လိုက်လျှင် ကျင်သန်များသည် စိတ်ရဲရင့်လာပြီး ကြောက်စိတ်ပျောက်သွားလေ့ရှိသည်။ ဤစည်ကို ပခုံးတွင်စလွယ်သိုင်းလွယ်လျက် အထက်သို့ မျက်နှာဝကို စောင်းငဲ့ကာထားပြီး၊ လွှားရင်းခုန်ရင်း စိတ်အား တက်ကြွလာစေရန် တီးခတ်ရ၏။ ယခုတိုင် ကျင်ပွဲတို့၌ တီးခတ်လျက် ရှိသေးကြောင်း တွေ့ရ၏။
၅။ စိုင်တစ်မျိုး
"စိုင်" ခေါ် စည်တစ်မျိုးသည် ကျောက်ဖြူ၊ ရမ်းဗြဲ ကျေးလက်နယ်များတွင် သုံးစွဲလျက်ရှိသေးကြောင်း သိရှိရ ၏။ ထိုစည်ကို တပျော်တပါး စည်ကားသိုက်မြိုက်စွာဖြင့် ပြိုင်ပွဲများဖြင့်ပင် ကျင်းပလေ့ရှိသည်ဟူ၏။ ထိုကို ကြည့်ခြင်းဖြင့် "စိုင်းစည်" ဟု ခေါ်ဟန်တူ၏။ ထို့ပြင် လူပျိုကာလသားများ အဖို့ နွေဦးရာသီတို့တွင် တီးခတ် ကခုန်ရခြင်းဖြင့် ပျော်စရာ အကောင်းဆုံးပင်ဖြစ်သည့်အတွက် ထိန်းသိမ်းထားအပ်၏။

၆။ ဗုံရှည်စည်

မာန်အောင်ကျွန်း၌ တီးခတ်လျက်ရှိကြသေး၏။ ထိုစည်မှာ ပါးလွှာစွာ အခေါင်းထွင်းပြီး သားရေကြက်ထား သဖြင့် ပေါ့ပါးလှသည်။ အသံမှာလည်း ထိန့်ထိန့်ကြိုးမျှ မြည်ဟည်းလှဘိသည်။ ၄င်းဒေသတွင် ထိုစည်ကို "ဗုံ" ဟု ခေါ်ဆိုကြသည်။ အတာသင်္ကြန်ပွဲ၊ ဘုရားပွဲ စသည်တို့၌ တီးခတ်လေ့ရှိသည်။

မြန်မာတို့သည် ရခိုင်တို့ထံမှ တူရိယာအချို့ကို အတုယူတီထွင်သုံးစွဲ ခဲ့ကြမည်ကို ခန့်မှန်းရ၏။ အဘယ် ကြောင့်ဆိုသော ရခိုင်သည် မြန်မာထက် အိန္ဒိယပြည်နှင့် ဆက်သွယမှု နီးစပ်လာနိုင်သဖြင့် ရခိုင်သို့ တူရိ ယာများ စောစွာ ဆက်သွယ်နိုင်ခဲ့မည်ကို သိသာလှသည်။ ထို့ကြောင့်ပင် အလောင်းစည်သူမင်း တိုင်းခန်း လှည့်လည်စဉ် ရခိုင်တို့ဒေသသို့ ရောက်ခဲ့၍ တူရိယာပုံစံများကို တွေ့မြင်ခဲ့သဖြင့် ပုံစံယူကာ ဇမ္ဗူ့သပြေသီး ကြွေဟန်စသည့် တူရိယာများကို တီထွင်တော့ကြောင်း ခန့်မှန်းသိသာနိုင်၏။ ထို့အတူ ရခိုင်တို့ထံမှ ဆက် သွယ်ခဲ့ကြသော လူမျိုးစုများ၏ တူရိယာများလည်း ရှိကြသေးမည်ဟု သိရသည်။

မောတို့ဌာနီဟုတွင်သော ရှမ်းပြည်တောင်ပိုင်း အင်းလေးတွင်နေကြသော ထားဝယ်မျိုးနွယ်စုဝင် အင်းသား တို့ သုံးစွဲလျက်ရှိသည့် လံစည်မှာ ရခိုင်မာန်အောင် ဗုံရှည်စည်နှင့် သဘောတူဖြစ်၏။ အလုံးအလျား အသွင် အပြင် လုံးဝတူညီလှ၏။ ထိုလံစည်အက တေးသီးချင်းမှာ လည်ချောင်းနှာသံဖြင့် သီဆိုကြရသဖြင့် ရခိုင်သိုင်း ဟန် သာချင်းတစ်မျိုးကဲ့သို့ဟု ခန့်မှန်းလေ့လာရသည်။

အင်းသားမှာ ထားဝယ်မှ သံလွင်မြစ်ကြောင်းဖြင့် ညောင်ရွှေ အင်းလေးတွင်လာ၍ အခြေစိုက်သူများ ဖြစ်သ ဖြင့် ထားဝယ်လူမျိုးစု အပါအ၀င်ပင်ဖြစ်၏။ ထားဝယ်မှာ ရခိုင်လူမျိုးဆက်နွယ်များသာ ဖြစ်ကြ၏။ ဒသရာဇာ မင်းလက်ထက် မာန်အောင်ကျွန်းမှ တနင်္သာရီကမ်းတစ်လျှောက် သွားရောက်နေထိုင်သည်မှ အခြေစိုက်ခဲ့ သူများဖြစ်သည်။ ထို့ကြောင့် ရခိုင်စည် တူရိယာသည် ၄င်းတို့ထံ လက်ငုတ်လက်စ ရှိနေခြင်းဖြစ်၏။ ထား ၀ယ်ဒိန်း သာချင်းမှာလည်း ရခိုင်ဒုံးချင်းနှင့် ဆင်တူလှ၏။ ဘိုးတော်မင်းလက်ထက် ရှမ်းပြည်နယ်သို့ ရခိုင်များ မှာလည်း ရောက်ရှိသွားခဲ့ကြ၏။

ထို့ကြောင့် ရခိုင်စည်တူရိယာသည် ရခိုင်တွင်သာမက အရပ်ရပ် ဆက်သွယ်နှဲ့စပ်မှု ရှိခဲ့သော်လည်း ယနေ့ ရခိုင်တွင် ရှားပါးတိမ်ကော နေသည်ကို တွေ့ရသဖြင့် ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်ကြသင့်၏။ ယနေ့ ကမ္ဘာတွင် မိမိတို့ အနုပညာဖြင့် ဂုဏ်ဝင့်ဝါနေကြ၏။ ရခိုင်ပြည်နယ်သည်လည်း မိမိတို့ အနုပညာဂုဏ်ဖြင့် ၀င့်ဝါနိုင်ကြပါစေသတည်း။
 

နတ်မြစ်စန်းအောင်
အသျှင်စက္ကိန္ဒ (ရခိုင်ပြည်နယ်) ရခိုင်ယဉ်ကျေးမှုများ အမှတ်(၂) စာအုပ်မှ ကူးယူဖော်ပြသည်